တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

တောင်ကုတ် ကင်းတောင်ရွာကို စစ်ကောင်စီဗုံးကြဲ၍ ကလေးငယ်တစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 743


ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ အောက်တိုဘာ ၄ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာထဲကို စစ်ကောင်စီက ညဥ့်အချိန် ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဦးမောင်လှတင်(၆၅)နှစ်၊ ဒေါ်မြရီ(၅၆)နှစ်နှင့် ဒေါ်မြကြည်(၇၄)နှစ်တို့ဖြစ်သည်။

ဒဏ်ရာပြင်းထန်ရရှိသွားသူများမှာ မောင်ဇင်လင်းထက်(၁၁)နှစ်၊ ကျောင်းဆရာ ဦးစိုးထိုက်(၄၈)နှစ်၊ ဒေါ်မတင်ရွှေ(၈၉)နှစ်၊ ဒေါ်မြင့်မြင့်ကြူ (၅၂)နှစ်နှင့် ကိုပြည်သိမ်းစံ (၂၃)နှစ်တို့ဖြစ်ကြောင်း သိရသည်။



ယနေ့ အောက်တိုဘာလ ၄ ရက်၊ ညဥ့် ၂ နာရီအချိန် ကျေးရွာသားများအိပ်မောကျနေစဉ်စစ်ကောင်စီ Y-12 လေယာဉ်ဖြင့် ကင်းတောင်ကျေးရွာထဲသို့ ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကင်းတောင်ကျေးရွာ မီးသတ်ရုံးအနီးနေအိမ်တချို့နှင့် ကင်းတောင်ကျေးရွာ အထက်တန်းကျောင်းအနီးနေအိမ်တချို့ကို ဗုံးထိမှန်ပြီး အဆိုပါ ဒေသခံများသေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

"လူတွေလည်း အိပ်မောကျနေတဲ့အချိန်မှာ ချတာ။ ကင်းတောင်မီးသတ်ရုံးနား နေအိမ်တွေကိုဗုံးထိပြီး လူသုံးယောက် သေတယ်။  စာသင်ကျောင်းနားကိုလည်း တစ်လုံးကျတယ်။ အဲဒီဘက်မှာလည်း တစ်ယောက်သေပါတယ်"ဟု ပြောသည်။

ဒဏ်ရာရသူလည်း ငါးဦးရှိခဲ့သလို နေအိမ် ၉ လုံးလည်း ဗုံးဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့ကြောင်း ကျေးရွာသားများ၏ပြောပြချက်အရ သိရသည်။

တောင်ကုတ်-မအီ ကားလမ်းဘေးတွင်ရှိသည့် ကင်းတောင်စံပြကျေးရွာသည် အိမ်ခြေ (၁၀၀၀)ဝန်းကျင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး တောင်ကုတ်မြို့နှင့် ၁၁ မိုင် ၅ ဖာလုံခန့်ကွာဝေးသည်။

အဆိုပါကျေးရွာမှာ အာရက္ခတပ်တော် (AA)ထိန်းချုပ်နယ်မြေထဲတွင်ရှိသည့် ကျေးရွာလည်းဖြစ်သည်။



စစ်ကောင်စီသည် ဩဂုတ်လအစောပိုင်းမှစတင်ပြီး တောင်ကုတ်မြို့နယ်ရှိ AA လှုပ်ရှားမှုရှိသည်ဟုယူဆသည့် ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာပြီး ဒေသခံများသေဆုံးဒဏ်ရာရမှုမြင့်တက်လာနေသည်။

အောက်တိုဘာလ ၂ ရက်၊ ညဥ့်အချိန်ကလည်း တောင်ကုတ်မြို့နှင့် ခုနစ်မိုင်ခန့်အကွာ ခေါင်းလောင်းတူကျေးရွာအနီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ဆယ်ကျော်သက်လူငယ် တစ်ဦး ဦးခေါင်းဒဏ်ရာရရှိသွားခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်၊ ညပိုင်းက တောင်ကုတ်မြို့တန်းလွဲရွာမရဲစခန်းနှင့် မြို့အတွင်း နေရာတချို့သို့စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်၍ တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင်အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ နေအိမ်အဆောက်အဦတချို့ဗုံးထိမှန်ပျက်စီးခဲ့သည်။

ဓာတ်ပုံ - ကင်းတောင်စံပြကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရ၍ သေဆုံး၊ ဒဏ်ရာရသူများနှင့် နေအိမ်များ ပျက်စီးသွားမှုအား တွေ့ရစဥ်။ (ပေးပို့)

 

 

ဆက်စပ် သတင်းများ