သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လစာအပြည့်အဝတောင်းဆိုသည့် စစ်တွေရှိ LWF အန်ဂျီအို ရုံးဝန်ထမ်း ၈ဝ အလုပ်ထုတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာအခြေစိုက် The Luther World Federation (LWF)အဖွဲ့လက်အောက်ခံ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ LWF ရုံးမှ လစာအပြည့်ပေးရန်တောင်းဆိုသည့် မြန်မာဝန်ထမ်း ၈၀ သည် အလုပ်ထုတ်ခံလိုက်ရကြောင်း သိရသည်။

ရုံးဝန်ထမ်းများရရှိမည့် လစာကို စာချုပ်တွင်ချုပ်ဆိုခဲ့သည့်အတိုင်း ယူရိုငွေဖြင့် မပေးဘဲ မြန်မာငွေဖြင့်ပေးလာနေမှုအပေါ် ရုံးဝန်ထမ်းများက မကျေနပ်၍ အသံတိတ် ဆန္ဒပြကြရာမှ သက်ဆိုင်ရာ နိုင်ငံခြားသားများက ဆန္ဒပြသူများအနက် ၈ဝ ဦးကို စက်တင်ဘာလ ၄ ရက်နေ့တွင် အလုပ်ထုတ်လိုက်ကြောင်း email ပေးပို့လာခဲ့သည်ဟု LWF ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းတာဝန်ခံက နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါအဖွဲ့တွင် ဝန်ထမ်းအားလုံး ၉ဝ ကျော်ကို ယူရိုငွေဖြင့် လစာပေးရန် သဘောတူ လက်မှတ်ထိုးထားသော်လည်း နိုင်ငံခြားသား ဝန်ထမ်းများက ယူရိုငွေနှင့်လစာယူကြပြီး မြန်မာဝန်ထမ်းများကို တစ်ယူရိုလျှင် ကျပ် ၂၂၀၀ နှုန်းဖြင့် ပေးနေသည့်အတွက် မြန်မာဝန်ထမ်းများတွင် နစ်နာကြရသည်ဟု ဆိုသည်။

LWF ကာကွယ်စောင့်ရှောက်ရေးစီမံကိန်းတာဝန်ခံက "ကျမတို့ကို ဗဟိုဘဏ်လဲနှုန်း နှစ်ထောင့်နှစ်ရာနဲ့ အတိုင်းပေးနေတဲ့အခါကျတော့ ပိုတဲ့ပိုက်ဆံတွေကိုဘယ်မှာသုံးနေတာလဲ။ ကျမတို့ကလည်း ပိုတဲ့ပိုက်ဆံတွေကိုတောင်းနေတာပါ။ ကျမတို့စားဝတ်နေရေးခက်ခဲတယ်လေ။ သူတို့ဘက်က မဖြစ်နိုင်ပါဘူး။ ပေးလို့မရဘူးလို့ပြောတော့။ အစ်မတို့ဖြစ်နိုင်တဲ့နည်းလမ်းတွေကို အမျိုးမျိုး ဆွေးနွေးလာတာဟာ နှစ်နှစ်ကြာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် သူတို့က နားမထောင်ပါဘူး။ အဲ့တော့ ကျမတို့ဝန်ထမ်းပေါင်း ၉၂ ယောက်ဟာ အသံတိတ်ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြပါတယ်။ သူတို့ဘက်က လစာငွေအတွက် ထပ်ပြီးဆွေးနွေးဖို့မရှိဘူးဆိုပြီးပြောတဲ့အပြင် လာမဲ့ ၂၀၂၄ မှာလည်း မြန်မာဝန်ထမ်းတွေကို မြန်မာငွေသားနဲ့သာပေးတော့မယ်ဆိုပြီး စာချုပ်ထပ်လုပ်ပါတယ်။ အဲ့လိုလုပ်တဲ့အပြင် စက်တင်ဘာလ ၄ ရက်နေ့မှာ ကျမတို့ဝန်ထမ်းအယောက် ၈၀ ကျော်ကို အလုပ်ထုတ်ပစ်ပါတယ်"ဟု ပြောသည်။



အလုပ်ထုတ်ခံရသူများတွင် အမျိုးသမီး ၃၇ ဦးနှင့် အမျိုးသား ၄၃ ဦးပါဝင်ပြီး ယင်းအထဲတွင် ကိုယ်ဝန်ဆောင် ၄ ဦးနှင့် နို့တိုက်မိခင် ၄ ဦးပါဝင်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဝန်ထမ်းများ၏တောင်းဆိုချက်များကို အလေးမထားဘဲ အလုပ်ထုတ်လိုက်ခြင်းမှာ အလုပ်သမားများအပေါ်ခေါင်းပုံဖြတ်ခြင်းဖြစ်သလို အာဏာပြအနိုင်ကျင့်ခြင်းဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။

"အစ်မတို့ သြဂုတ်လကလစာကို စစ်တွေအသံတိတ်ဆန္ဒပြနေတဲ့ရုံးတစ်ရုံးကိုပဲမပေးဘူး။ ဒါဟာ အလုပ်သမားလူ့အခွင့်ရေးချိုးဖောက်ခံနေရတာဖြစ်တယ်။ အစ်မတို့ရဲ့ရသင့်ရထိုက်တဲ့ ငွေကြေးကို မပေးဘဲ တခြားဘယ်လိုမျိုးသုံးစွဲနေလဲကို သိလည်းမသိရဘဲ တကယ်ရသင့်ရထိုက်တဲ့လစာတွေကို သူတို့ခေါင်းပုံဖြတ်တဲ့အတွက် ဒါဟာ အလုပ်သမားတွေရဲ့အခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်" ဟု ပြောသည်။

မြန်မာကျပ်ငွေမှာ တစ်နေ့ထက် တစ်နေ့ တန်ဖိုးကျဆင်းနေသည့်အတွက် မြန်မာဝန်ထမ်းများမှာ ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲနှုန်းအတိုင်းပေးရန် တောင်းဆိုခဲ့သည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း ဝန်ထမ်း များက ပြောသည်။

စစ်တွေ LWF ရုံးမှ ဝန်ထမ်းအမျိုးသားတစ်ဦးကလည်း “ကျနော်တို့ဝန်ထမ်းတွေက ကိုဗစ်ဖြစ်တုန်းကလည်း အလွန်တရာဒုက္ခမျိုးစုံနဲ့ ကျနော်တို့လုပ်ငန်းတွေကို အောင်မြင်အောင် သတ်မှတ်ထားတဲ့ကာလအချိန်အတွင်းမှာ အလုပ်ကိုပြီးမြောက်အောင် ဒီဝန်ထမ်းတွေက မငြိုငြင်ဘဲ အကြီးအကျယ်ကြိုးစားခဲ့ကြတယ်။ မိုခါမုန်တိုင်းတုန်းကလည်း ဝန်ထမ်းကိုယ်တိုင်ကနေ အိမ်အဆောက်အဦတွေပြိုပျက်သွားလို့ ဘုန်းကြီးကျောင်းမှာ ကပ်နေရတဲ့ဝန်ထမ်းတွေ အများကြီးရှိတယ်။ အဲ့လို ဒုက္ခတွေအများကြီးခံပြီး ကျနော်တို့က လုပ်ငန်းတွေကို သတ်မှတ်ချိန် အတွင်းမှာပြီးမြောက်ဖို့ ကျနော်တို့ကြိုးစားခဲ့ကြတယ်။ အဲ့လိုအကြီးအကျယ်လုပ်ခဲ့တဲ့ ဝန်ထမ်းတွေဟာ အခုလိုအခြေအနေမှာဆိုရင် စိတ်ဓာတ်ကျဆင်းမှု စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအများကြီး ဖြစ်နေကြတယ်”ဟု ပြောသည်။

အဆိုပါ LWF အဖွဲ့မှာ ရခိုင်ပြည်တွင် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ အမ်းနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံတကာ INGO အဖွဲ့အစည်းတစ်ခုဖြစ် ကြောင်း သိရသည်။ LWF  အဖွဲ့မှ တာဝန်ရှိသူများအား အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်းမရှိသေးပါ။

အဖွဲ့လုပ်ငန်းများ လည်ပတ်ရန်အတွက် EU/ UNHCR/UNICEF/ Norwegian Refugee Council နှင့် Canadian Lutheran World Relief စသည့် အဖွဲ့စည်းပေါင်း ၁၆ ခု၏ အလှူငွေများဖြင့် လုပ်ဆောင်နေခြင်းဖြစ် ကြောင်းလည်း LWF ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဝန်ထမ်း ၈ဝ အလုပ်ထုတ်ခံလိုက်ရသည့် စစ်တွေရုံးခွဲမှာ စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်၊ သစ္စာလမ်းတွင် ရှိသည်ဟု သိရသည်။ (NN-11, NN-14)

Photo – LWF

ဆက်စပ် သတင်းများ