သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စာအုပ်ငှားသူများ နည်းပါးမှုကြောင့် လက်ကျန် စစ်တွေရှိစာအုပ်အငှားဆိုင်များ ရပ်တည်ရ ပိုမိုခက်ခဲလာ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k


(တစ်ချို့စာအုပ်အငှားဆိုင်များ လူငယ်များကို စာဖတ်စေချင်သည့် စေတနာကြောင့် မပိတ်သိမ်းဘဲ ဆက်ဖွင့်ထားဟုဆို)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စာအုပ်ငှားရမ်းသူများ နည်းပါးသွားမှုကြောင့် စာအုပ်အငှားဆိုင်များမှာ ရပ်တည်ရေး ပိုမိုခက်ခဲလာပြီး တစ်ချို့စာအုပ်အငှားဆိုင်များမှာ ပိတ်သိမ်းထားရသည်ဟု စာအုပ်ဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်တွေမြို့တွင် ယခင်က စာအုပ်အငှားဆိုင်ပေါင်း ၂၀ ကျော်ခန့်ရှိခဲ့သည်ဟု သိရသည်။

ယင်းဆိုင်များ၌ စာအုပ်များကို ယခင်က လူတိုးမဖောက် လက်မလပ်တန်း ငှားရမ်းခဲ့ရသော်လည်းလက်ရှိတွင် စာအုပ်ငှားသူများနည်းပါလား၍ ရပ်တည်ရခက်ခဲ့လာမှုကြောင့် တစ်ချို့ဆိုင်များမှာ ပိတ်သိမ်းထားလိုက်ရခြင်း ဖြစ်သည်ဟု စာအုပ်အငှားဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ ပိတ်သိမ်းထားသည့် "ပန်းခိုင်ခိုင်"စာအုပ်ဆိုင်ပိုင်ရှင် ဦးတက်သစ်အောင်(စစ်တွေ)က "အခုက စာအုပ်ငှားသူတွေနည်းတယ်။ အရင်ကလို လာငှားတဲ့သူတွေ မရှိတော့ဘူး။ ဒီဘက်ခေတ်မှာက အင်တာနက်တွေပေါ်လာတော့ စာအုပ်အငှားဆိုင်တွေ ကျဆင်းသွားတာပေါ့။ ဒါကြောင့် စာအုပ်ဆိုင်ကိုပိတ်သိမ်းလိုက်တယ်။ အဓိကက စာအုပ်ငှားသူတွေမရှိတော့လို့ပေါ့"ဟု ပြောသည်။



သို့သော်လည်း "နိုင်"စာပေစာအုပ်အငှားဆိုင်နှင့် "လင်း"စာပေ စာအုပ်အငှားဆိုင် ၂ ဆိုင်တို့မှာ ယခုအချိန်ထိ ဆက်လက်ရပ်တည်ကာ စာအုပ်ဆင်များကို ဖွင့်လှစ်ထားဆဲ ဖြစ်သည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ "နိုင်"စာပေစာအုပ်အငှားဆိုင်မှ မနုမြဇံက "ဒီစာအုပ်ဆိုင်ကို ဖွင့်လှစ်ထားတာက တင်းခံပြီးဖွင့်ထားရတာပေါ့။ စာအုပ်ငှားတဲ့သူမရှိဘူး။ ဒါပေမဲ့ ဆိုင်က အိမ်ဆိုင်ဖြစ်လို့ ဆိုင်ခန်းခပေးရတာလည်း မရှိဘူး။ ဒီအတိုင်း ပိတ်သိမ်းထားတာထက်စာရင် ဖွင့်ထားတော့ စာဖတ်ချင်တဲ့ သူတွေ လာငှားလို့အဆင်ပြေတယ်။ ပြီးရင် လူငယ်တွေကို စာအုပ်တွေဖတ်စေချင်တဲ့ စေတနာကြောင့် မပိတ်သိမ်းဘဲဖွင့်ထားတာပေါ့" ဟု ပြောသည်။

စစ်တွေမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ ကျော်က "ပန်းခိုင်ခိုင်"စာအုပ်အငှားဆိုင်၊ "နိုင်"စာပေစာအုပ်အငှားဆိုင်၊ "လင်း"စာပေစာအုပ်အငှားဆိုင်၊ "ရိုးလှသန္တာ"စာအုပ်အငှားဆိုင်၊ "နဝရတ်"စာအုပ်အငှားဆိုင်နှင့် "ဉာဏ်လင်း" စာအုပ်အငှားဆိုင်တို့၌ တစ်နေ့တွင် အုပ်ရေ ရာနှင့်ချီငှားရမ်းခဲ့ရသော် ယခုတွင်ကား တစ်နေ့တွင် စာအုပ် ၁၀ အုပ်ခန့်တောင်ငှားရမ်းရခြင်းမရှိတော့ဟု သိရသည်။


လက်ရှိတွင် စာအုပ်တစ်အုပ်ကို ၁၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးနှုန်းဖြင့် ငှားရမ်းနေသော်လည်း စာအုပ်ငှားရမ်းသူများမှာ မရှိသလောက် နည်းပါးနေသည်ဟုလည်း စာအုပ်အငှားဆိုင်ပိုင်ရှင်များက ပြောသည်။

ထိုသို့စာအုပ်ငှားရမ်းသူမရှိသလောက်နည်းပါးရခြင်းမှာ လက်ရှိယနေ့ခေတ်တွင် လူငယ်အများစုမှာ နည်းပညာတိုးတက်လာခြင်းကြောင့် ဖုန်းနှင့်အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုလာကြ၍ စာဖတ်စွမ်းအားနည်းပါးလာခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်စာရေးဆရာ၊ ဆရာအောင်ကြည်မိုး(သင်းပုန်းတန်း)က ပြောသည်။



"ရခိုင်ပြည်မှာဘဲ ဖုန်းနဲ့အင်တာနက်ပေါ်တာတော့မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ပေါ်နေတယ်။ ဒါပေမဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာက လူငယ်တွေ စာဖတ်ကြတယ်။ စာဖတ်လို့လည်း သူတို့တိုးတက်ကြတယ်။ အဲ့ဒီလိုတိုးတက်ဖို့၊ လူငယ်တွေ စာဖတ်လာဖို့အတွက် ကျောင်းတွေမှာ စာကြည့်တိုက်တွေ ထားရတယ်။ လူငယ်တွေစာဖတ်စွမ်းရည်တိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးသူငယ်တွေကနေ စတင်ပြီး လေ့ကျင့် ပျိုးထောင်ပေးဖို့လိုမယ်။ စာအုပ်ငှားသူမရှိလို့ စာအုပ်အငှားဆိုင်တွေပျောက်လာတဲ့အတွက် လူတွေစာဖတ်လာအောင် ကျောင်းနေအရွယ်ကလေးတွေကစတင်ပြီး လေ့ကျင့် ပျိုးထောင်ဖို့လိုပါတယ်။ စာဖတ်တဲ့ ကလေးနဲ့ စာမဖတ်တဲ့ကလေးက မတူဘူး။ စာဖတ်တဲ့ကလေးတွေက အသိပညာပြည့်စုံတယ်။ စာအုပ်ကိုပေးဖတ်လိုက်တာနဲ့ စာဖတ်စွမ်းအားမြင့်တဲ့ ကလေးက အလိုလိုလိမ္မာပြီးသားဖြစ်တယ်။ ဒါကြောင့် ကလေးတွေကို စာဖတ်ချင်အောင်ပြုလုပ်ပေးဖို့လိုအပ်တယ်" ဟု ပြောသည်။

ယင်းအပြင် စာအုပ်အငှားဆိုင်များအနေဖြင့်လည်း ရေရှည်ရပ်တည်နိုင်ရန် ခေတ်နှင့်လျော်ညီသည့် စာအုပ်များနှင့် လူကြိုက်များသည့်စာအုပ်များကို ဖြည့်စွက်ထားရန်လိုအပ်လှသည်ဟု သုံးသပ်ဝေဖန်ပြောဆိုကြသည်။

ယနေ့ခေတ်အခြေအနေအရ အင်တာနက်နှင့် ဖုန်းများကို တွင်ကျယ်စွာ အသုံးပြုလာကြသော်လည်း အခြားတစ်ဖက်တွင် စာဖတ်သည့်အလေ့အကျင့်ကို တွင်ကျယ်စွာပြုလုပ်ရန်လည်း လိုအပ်လှသည်။

တစ်ချို့စာဖတ်ဝါသနာပါသည့် လူငယ်အများစုမှာလည်း စာအုပ်ဆိုင်များမှ စာအုပ်များကို အပိုင်ဝယ်ယူကာ ဖတ်ရှုနေကြသလို စစ်တွေမြို့ရှိ ဝံလက်ဖောင်ဒေးရှင်း စာကြည့်တိုက်နှင့် Green Sittwe ရွှေ့လျား စာကြည့်တိုက်တို့မှ စာအုပ်များကို ငှားရမ်းဖတ်ရှုသူများလည်း ရှိသည်။

ဓာတ်ပုံ - စစ်တွေမြို့ရှိ "နိုင်"စာပေ စာအုပ်ဆိုင်အားတွေ့ရစဥ်။

ဆက်စပ် သတင်းများ