သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ကုန်စက်လှေတစ်စီးနှင့် စက်လှေသမား ၅ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 712

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်အနီး GE ဆိပ်ကမ်းတွင် ကုန်တင်စက်လှေတစ်စီးနှင့် စက်လှေသမား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစက်လှေကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်၊ ည ၉ နာရီကျော်ခန့်တွင် ဆတ်ရိုးကျ ချောင်းရှိ စစ်ကောင်စီနေဗီက လိုက်လံဖမ်းဆီးပြီး စက်လှေသမားများကိုလည်း ရိုက်နှက်၍ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"စက်လှေတွေကို နေဗီကလိုက်ဖမ်းတာပါ။ စက်လှေပေါ်က ပစ္စည်းတွေလည်း အကုန် သိမ်းသွားတယ်။ ပြီးရင် အဖမ်းခံရတဲ့ စက်လှေကအကြီးလေ။ စက်လှေသမား ၅ ယောက် ကိုလည်း ရိုက်ပြီးခေါ်သွားတာ" ဟုပြောသည်။

အဆိုပါစက်လှေတွင်တင်ဆောင်လာသည့် ကုန်ပစ္စည်းများမှာ လူသုံးကုန်၊ စားကုန်များဖြစ်ပြီး ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်း ၃၀၀၀ ခန့် တန်ဖိုးရှိကြောင်း သိရသည်။

ကုန်ပစ္စည်းများသယ်ယူခွင့်ကို စစ်ကောင်စီက တားမြစ်ထားသော်လည်း နယ်ဘက်တို့တွင် စားနပ်ရိက္ခာများပြတ်တောက်နေ၍ စစ်တွေမှတဆင့် စွန့်စားပြီး သယ်ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နောက်ထပ်စစ်တွေမြို့ခံတစ်ဦးက "ကုန်စက်လှေထွက်တဲ့သူတွေကလည်း ပိုက်ဆံပေးပြီး ထွက်တာ။ ပိုက်ဆံမရတဲ့ နောက်တစ်ဖွဲ့ကဖမ်းတာနေမှာပေါ့။ သူတို့က ပစ္စည်းလည်း အကုန် ယူတယ်။ လူကိုလည်းရိုက်ပြီးဖမ်းထားတယ်ဆိုတော့ စိုးရိမ်စရာတော့ ရှိတယ်။ သူတို့ဖမ်းရင် လူကို ပိုက်ဆံပေးပြီး ထုတ်ခိုင်းတာတွေတော့ ရှိတယ်။ အဲ့လို မထုတ်နိုင်ရင် သူတို့ လုပ်ချင်သလို လုပ်မှာပေါ့"ဟုပြောသည်။

ထိုသို့ ဖမ်းဆီးခံလိုက်ရသူ ၅ ဦးကို စက်တင်ဘာ ၁၆ ရက်နေ့ စစ်ကားများဖြင့် ခေါ်ဆောင် သွားပြီး ကုန်ပစ္စည်းများကို နောက်တစ်နေ့ စက်တင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကားများနှင့် သယ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းနှင့် စစ်တွေမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ဓာတ်ပုံ - ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက စစ်တွေဆိပ်ကမ်းရှိ စက်လှေတစ်စီးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ