စနေ၊ ဇူလိုင်လ ၆ရက်၊ ၂၀၂၄

ကိုးကန့် MNDAAမှ ချင်းရွှေဟော်ဒေသရှိ အခိုင်မာဆုံးတပ်စခန်းတစ်ခုအပါအ၀င် စစ်ကောင်စီ တပ်စခန်း ၁၅ ခုကိုသိမ်းယူနိုင်ခဲ့ဟုဆို


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 792

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့ မှ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးကြေညာချက် ထုတ်ပြန်ပြီး ဒုတိယရက် (အောက်တိုဘာ ၂၈) ရက်တွင် MNDAA မှ စစ်အောင်ပွဲများ အကြီးအကျယ်ချဲ့ထွင်နိုင်ခဲ့ပြီး တစ်ရက်ထဲတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်း(၁၅)ခု ကို ထပ်မံတိုက်ခိုက်သိမ်းယူခဲ့သည်ဟု  ယနေ့ အောက်တိုဘာ ၂၉ ရက် နေ့စွဲဖြင့် ကိုးကန့်သတင်းမီဒီယာတွင် ဖော်ပြသည်။

 

 ထိုသို့ တိုက်ခိုက်ရာတွင် စစ်ရေးအရ အလွန်အရေးပါသော မာကြာတစ် ပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ၎င်းသိမ်းပိုက်မှုမှာ စစ်ရေးအရ အလွန်အ‌ရေးကြီးသည်ဟု ဆိုသည်။



 

 အောက်တိုဘာ ၂၈ ရက်နေ့နံနက်ပိုင်းတွင် ကိုးကန့် MNDAA တပ်မတော်သည် ကိုးကန့် ‌ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တာအပ်ထိုက် တပ်စခန်းကို ဦးစွာထိုးစစ်တိုက်ခိုက်ကြောင်း၊ အလားတူ  နံနက် ၉နာရီခန့် တွင် MNDAAမှ အင်အားတစ်စုသည် ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ အခိုင်မာဆုံး တပ်စခန်း (မာကြာတစ်ပေါက် ပေါက်တောင်ကုန်း)ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA၏ အင်အား အရှိန်အဟုန် ပြင်းစွာ တိုက်ခိုက်မှုဖြင့် နေ့လယ် ၂  နာရီ ၃၀ မိနစ်ခန့် ၎င်းတပ်စခန်းကို အောင်မြင်စွာသိမ်းယူခဲ့ကြောင်း ဖော်ပြထားသည်။

 

တိုက်ပွဲတွင် MNDAAမှ လက်နက် ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိပြီး သံချပ်ကာ စစ်ကား(၂)စီးကို ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့၏အလောင်း(၁၅)လောင်းခန့် တပ်စခန်းတွင် ရတွေ့ရှိရသည်ဟု ဆိုသည်။

 

 ၎င်းနေ့ နေ့လယ်  ၁၂ နာရီ ၃၀ မိနစ်ခန့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းပို့ဆောင်ယာဉ်ဖြင့် ချင်းရွှေဟော်ဒေသသို့ စစ်ပစ္စည်းနှင့် လူအင်အား(၈၀)ကျော် ဝေဟင်မှ‌လေထီးဖြင့် ပို့ချခဲ့သော်လည်း   MNDAAမှ ချက်ချင်း ပစ်ခတ် တိုက်ခိုက်ကာ ၎င်းတို့ ပို့ချလာသော တပ်ဖွဲ့ဝင်ထဲက အယောက် (၇၀)ကျော်ကို အောင်မြင်စွာချေမှုန်းနိုင်ခဲ့ပြီး (၃)ယောက် ဖမ်းဆီးရရှိခဲ့ကြောင်း၊ စစ်ပစ္စည်း အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။



 

 ၎င်းပြင် မုံးကိုးတိုက်ပွဲ MNDAA နှင့် မုံးကိုးဒေသလုံခြုံရေးအဖွဲ့တို့သည် တပ်စခန်းစုစုပေါင်း (၉) ခုတို့ကို ဆက်တိုက်သိမ်းယူခဲ့သည်။

 

၎င်းစခန်းများမှာ နမ်ကျွမ့်ဒေသ ရှောက်ရင်ဖန် ၊ နမ်ဟ ၊ မန်ပင် ၊ မိုင်းရန်ကျွမ်ဖိုင်ပေါက်ပေါက် တောင်ကုန်း ၊ ချင်ချိုင့်ထန် နှင့် မာလင်ရှူ-ဖောင်းဆိုင်လက်ဝဲဘက် အောက်ပိုင်းရှိ စခန်းများ ပါဝင်သည်ဟု ဆိုသည်။ ယင်းအထဲတွင် နမ်ဟရှိ တပ်စခန်း(၂)ခု ၊ မာလင်ရှူ-ဖောင်းဆိုင် လက်ဝဲဘက်အောက်ပိုင်းတွင် တပ်စခန်း(၃)တို့ ပါဝင်သည်ဟု သိရသည်။

 

MNDAAမှ အခြားအင်အားတစ်စု၏ တိုက်ခိုက်မှုအောက်တွင် စစ်ကောင်စီတပ်ဖွဲ့၏မန်ယန်နေရာရှိ ခဲယမ်းသိုလှောင်ခန်း(ဂိုဒေါင်)ကို ဖျက်ဆီးခဲသည်ဟု ဆိုသည်။

 

မူပန်တိုက်ပွဲတွင်လည်း MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ နမာရွာရှိ ကွမ်ပေါက်စခန်း ၊ မူပန်ဂိတ် ၊လားရှိုး ကွမ်ယုံအနောက်ဘက် တောင်တန်းနှင့် နမ်ကျန့်ဂိတ်ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး  လားရှိုးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဗျူဟာကုန်း(၆၈) ၊ နာတစ်ကျေးရွာ(၄၁)မိုင် ၊ နာတစ်တံတားနှင့် ကွမ်လုံဒေသရှိ တပ်စခန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (NN-30)


Photo by The Kokang

ဆက်စပ် သတင်းများ