ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျိန္တလီမှ ချင်းလူငယ် ၃ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 888

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ အနီးရှိ ဂန့်ဂေါ်တောင်ကျေးရွာမှ  ဖမ်းဆီးခံရသည့် ချင်းလူငယ် ၃ ဦးသည် ယနေ့အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ မောင်သက်ဆန်းထက်၊ ၎င်းနှင့် ညီအစ်ကိုတော်စပ်သူ မောင်ထူးထူးဆန်းနှင့်‌ မောင်လင်းလင်းဆန်းတို့ဖြစ်ကြပြီး ၎င်းတို့၏ အသက်အရွယ်မှာ (၁၆)ဝန်းကျင် အရွယ်ဖြစ်ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်း လူငယ် ၃ ဦးကို စက်တင်ဘာ ၆ ရက်နေ့ ည ၈ နာရီခန့်က ဂန့်ဂေါ်တောင်ကျေးရွာမှ ထွက်ပြေးစဉ် ကျေးရွာအနီးအနား လမ်းခုလတ်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု   ဆိုသည်။  

" ဂန့်ဂေါ်တောင် ရွာကိုစစ်တပ်က ဝိုင်းပြီး နေရာယူထားတယ်။ တစ်ရွာလုံးကိုလည်း ပိတ်ထားတယ်။ လူငယ်တွေကို ဖမ်းဆီးတာတွေရှိတော့ သူတို့သုံးယောက်က ညဖက် အထုပ်‌ တွေနဲ့ ထွက်ပြေးတဲ့ အချိန်မှာ လမ်းမှာ စစ်သားတွေက ဖမ်းသွားတာပါ။ ဖမ်းတဲ့ နေ့ကတည်းက အဆက်အသွယ် မရသေးဘူး။ အသက်က‌လည်း မပြည့်သေးတော့ မိသားစုတွေက စိတ်ပူနေကြတယ် " ဟု ပြောသည်။

၎င်းတို့ ၃ ဦးအား ဖမ်းဆီးပြီးနောက် ကုလားပြင်ကျေးရွာ တစ်ဆင့် ဂွမြို့ အခြေစိုက်တပ်ရင်းသို့ ယူဆောင်သွားသည်ဟု သိရသော်လည်း ယနေ့အချိန်ထိ မည်သည့်တပ်ရင်းတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဟု ဆက်လက်ပြောဆိုသည်။

" ကုလားပြင်ကနေ ဂွမြို့ကို ပို့လိုက်တာတော့သိတယ်။ အဲဒီအချိန်ကနေအခုအချိန်ထိ အဆက်အသွယ် မရသေးဘူး။ တစ်ပတ်လောက်ရှိပါပြီ" ဟုပြောသည်။

ဂန့်ဂေါ်တောင်ကျေးရွာတွင် စစ်ကောင်စီမှ တပ်စွဲထားပြီး လူငယ်များကို အဓိကထား ဖမ်းဆီးကာ ရိုက်ပုတ်ညှဉ်းပမ်းပြီး စစ်ဆေးမေးမြန်းမှုများရှိသဖြင့် ၎င်း လူငယ် ၃ ဦးက ရွာကနေ ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

ကျိန္တလီမြို့နယ် ဂန့်ဂေါ်တောင် ပတ်ဝန်ကျင်းနှင့် အနီးအနားရှိ ရွာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ဂွအခြေစိုက်တပ်ရင်းများမှ ကုလားပြင်ကျေးရွာသို့ အင်အားဖြည့်ပြီး ကုလားပြင်မှ ဂန့်ဂေါ်တောင်ရွာသို့ ထပ်မံအင်အားဖြည့်ထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ