ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာ၍ ဂွဆေးရုံ အပါအဝင် ဆေးရုံ ၃ခုမှ ဝန်ထမ်းများနှင့် လူနာများကို ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၁၃/၂၀၂၄

ရခိုင်ပြည်​ တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာနေ၍ ဂွမြို့ ဆေးရုံအပါအဝင် ဆပ်သွားဆေးရုံနှင့် ကျိန္တလီဆေးရုံတို့ကို ပိတ်ပြီး ဝန်ထမ်းများနှင့် လူနာများကို ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့လိုက်ရသည်ဟု သိရသည်။

ဂွမြို့ဆေးရုံကြီးနှင့် ဆပ်သွားတိုက်နယ်ဆေးရုံတို့ကို ယနေ့ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပိတ်လိုက်ခြင်းဖြစ်ပြီး ကျိန္တလီဆေးရုံအား ပြီးခဲ့သည့်ဇူလိုင်လအတွင်းမှ ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "ဆေးရုံတွေကို အကုန်ပိတ်လိုက်ပြီ။ ဝန်ထမ်းတွေလည်း အကုန် ပြောင်းသွားကြပြီ။ စစ်က ကျိန္တလီနားမှာ ပြင်းထန်နေတာလေ။ လူနာတွေလည်း မရှိတော့ဘူး" ဟုပြောသည်။

လက်ရှိ ဂွမြို့နယ်တွင် ဒေသခံအများစုမှာ လွတ်မြောက်ရာသို့ စစ်ရှောင်ပြေးနေကြပြီး ကျန်ရှိနေသည့် ဒေသခံများမှာလည်း အထူးစိုးရိမ်နေကြရသည်ဟု သူက ဆက်ပြောသည်။

"ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေ ဘယ်ကိုပြောင်းရွေ့သွားလဲတော့ မသိဘူး။ လက်ရှိ ဂွဘက်က လူတွေ အကုန်စစ်ဘေးသွားရှောင်ကြတော့ အကုန်တိတ်ဆိတ်နေတာပေါ့။ ကိုယ်တွေတောင် ဘယ်ပြေးရမလဲမသိဘူး။ စစ်ရေးကလည်း ပိုနီးလာတော့ ကြောက်နေရတယ်" ဟုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်တွင် ဆပ်သွားတံတားအား ဒေသခံများစစ်ရှောင်ရန် မသွားရအောင် စစ်ကောင်စီက ပိတ်ပင်ထားသော်လည်း ယနေ့တွင် ပြန်လည်ဖွင့်ထားသည်ဟုလည်း သူက ဆက်ပြောသည်။

လက်ရှိတွင် ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် AA တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်၊ ညနေ ၃ နာရီခန့်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။



သြဂုတ်လ ၁၁ ရက်ကလည်း ကျိန္တလီမြို့ရှိ ရဲစခန်းနှင့် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် ဂွမြို့ အခြေစိုက်တပ်ရင်းများကလည်း လက်နက်ကြီးကျည်များဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျိန္တလီမြို့အနီးသို့ ပစ်ကူပေးနေပြီး ရေကြောင်းရှိ နေဗီသုံးစီးနှင့် လေကြောင်းတို့ကလည်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များပစ်ခတ်သည့်အတွက် ကျိန္တလီမြို့ရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ရှောင်တိမ်းနေရပြီး တချို့မြို့ခံများမှာ မြို့ထဲတွင် ပိတ်မိနေကြောင်း သိရသည်။

ထို့အတူ ယမန်နေ့ကပင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ကျိန္တလီမြို့ရှိ လူနေအိမ်များ၊ ဆေးရုံ၊ ထွေအုပ်ရုံးတို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး မီးလောင်မှုများရှိခဲ့သည်ဟု သိရသည်။

ဂွမြို့နယ်တွင် စစ်ကောင်စီတပ်မှ ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့ တပ်စွဲထားပြီး ဧရာဝတီတိုင်းဘက်မှ စစ်ကောင်စီတပ်သားများနှင့် စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ်များကို စစ်ကူခေါ်ယူလျက် ဂွမြို့တွင် အခိုင်အမာခံစစ်ပြင်ဆင်နေကြောင်းလည်း သိရသည်။

 

ဆက်စပ် သတင်းများ