ဗုဒ္ဓဟူး၊ ဇူလိုင်လ ၃ရက်၊ ၂၀၂၄

စစ်ကောင်စီထောက်ခံသူတစ်ချို့ မန္တလေးတွင် ဆန္ဒထုတ်ဖော်ပွဲ ထပ်မံပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၂

စစ်ကောင်စီထောက်ခံသူတစ်ချို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲများကို ရန်ကုအပါအဝင် မြို့ကြီးများတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။

ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ခြမ်း ၆၆ လမ်းနှင့် ၁၃ လမ်းထောင့်တွင် စစ်တပ်ထောက်ခံသူတစ်ချို့သည် Light Truck ကားများဖြင့် ရောက်ရှိလာပြီး ဗီနိုင်းပိုစတာတွေ ကိုင်ဆောင် ဆန္ဒထုတ်ဖော်မှုပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ဒေသခံ များက ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချပွဲဆိုသည့် ဗီနိုင်းပိုစတာအကြီးအများအား ရှေ့ဆုံးမှ ကိုင်ဆောင်ပြီး ပြည်တွင်းရေး စွက်ဖက်မှုများ အလိုမရှိ၊ အချုပ်အခြာအာဏာထိပါးသူ တို့ရန်သူဆိုသည့် စာသားပါ ပိုစတာများကိုပါ ကိုင်ဆောင်ကာ ဆန္ဒထုတ်ခဲ့ကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည်  မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်ရန်အပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။

အလားတူ အမေရိကန် အမျိုးသားကာကွယ်ရေး အက်ဥပဒေ (NDAA) ကိုလည်း   အမေရိကန် လွှတ်တော် ၂ ရပ်မှ အတည်ပြုခဲ့ကာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်မှ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင့် ဟုသိရှိရသည်။

 ၎င်းဥပဒေသည် တော်လှန်ရေးအင်အားစုများကို နည်းပညာနှင့် လူကို သေစေခြင်းမရှိသည့် အကူအညီမျိုးဖြစ်ပြီး စစ်ကောင်စီအား တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် လက်နက်မဟုတ်သည့် အထောက်အပံ့ကူညီရေးများ ပြုလုပ်သွားမည့် အချက်ပါဝင်နေသည်ကိုတွေ့ရှိရသည်။

 ထိုကဲ့သို့  ဆုံးဖြတ်ခဲ့သည့် အပေါ် စစ်ကောင်စီလိုလားသူများက ဒီဇင်ဘာ ၂၈ ရက်နေ့ စတင်ပြီး ရန်ကုန်မြို့က အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးရှေ့များနှင့် အခြားဒေသများတွင်လည်း ဆန္ဒထုတ်ဖော်မှု များ ပြုလုပ်လာခဲ့ကြောင်း တွေ့ရှိရသည်။

စစ်ကောင်စီအနေဖြင့် NDAA သည် အကြမ်းဖက်မှုကို အားပေးရာရောက်ပြီး ပြည်တွင်းအရေးကို ဝင်ရောက် စွက်ဖက်နှောက်ယှက်မှု၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်သည့် စွပ်စွဲချက်ဖြင့် အပြင်းထန် ကန့်ကွက်မှုများ ပြုလုပ်နေကြောင်းကိုလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် မြင်တွေ့ရသည်။

 

ဓာတ်ပုံ  - အင်တာစာမျက်နာ

ဆက်စပ် သတင်းများ