အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ခင်ဦးမြို့ နယ်က ကျေးရွာများကို စစ်ကောင်စီတပ်များ နေ့စဥ်ရက်ဆက် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 993

(လက်နက်ကျည်ထိမှန်သေဆုံးမှုများလည်းရှိဟုဆို)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာများသို့ စစ်ကောင်စီတပ်များ ဇူလိုင်လ ၁၄ ရက်၊ ၁၅ရက်နှင့်  ၁၆ ရက်နေ့များတွင် စစ်ကြောင်း ထိုးနေမှုကြောင့် ဒေသခံ (၁)သောင်းကျော်ခန့် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကြောင်းထိုးမှုနှင့်အတူ ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကျည်များ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဇူလိုင်လ ၁၆ ရက်နေ့တွင် အင်းပတ်ကျေးရွာက အမျိုးသား (၁)ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ် အနောက်‌တောင်ခြမ်း တိုက်နယ် (၂) ဒေသ ထဲက သိမ်တော်၊ ကျွန်းလယ်၊ ကျွန်းဆွယ်၊ ကံကြီးကုန်း၊ မြို့သစ်၊ ရွှေယမင်းရွာ၊ အောင်သာ၊ အင်းပေါက်နှင့် သဲကုန်းကြီးရွာများက ဒေသခံ (၈)ထောင်ကျော်ခန့် အသက်ဘေးတိမ်းရှောင်နေကြရ ကြောင်း သိရှိရသည်။

ထို့အပြင် ချမ်းသာကုန်း၊ အင်းပတ်၊ မရမ်းအင်း၊ ကုန်းသာ၊ ညောင်ပင်ခြံနှင့် ဆည်ကြီး‌ကျေးရွာများက ဒေသခံ (၅) ထောင်ကျော်သည်လည်း စစ်ကောင်စီ၏ စစ်ကြောင်းများကို တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။


“စခ တွေ စစ်ကြောင်းက ရွှေဘို - ရေဦး ဘက် နေ့စဉ်ရက်ဆက်ပဲပြောရမယ်။ အင်းပတ်က တစ်ယောက်တော့ ကျည်ထိပြီး သေသွားတယ်။ ဒီကောင်တွေ ၀င်လာပြီဆို မီးရှို့တယ် ပစ္စည်းခိုးတယ် တိရစ္ဆာန်တွေ ကို ပစ်သတ်တယ်”ဟု မရမ်းအင်းက အသက်ဘေးရှောင် ‌ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းအတွင် အင်အားအများအပြားနှင့် ကျေးရွာများသို့ စစ်ကြောင်း ထိုးဝင်ရောက်ဖျက်ဆီးမှုများ ဇူလိုင်လအတွင်း ပိုမိုပြုလုပ်လာကြောင်း ‌‌ဒေသခံများ ပြောပြချက်အရ သိရှိရသည်။ (NN -25)

ဓာတ်ပုံ - စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ထိမှန်သေဆုံးခဲ့သူ (ခင်ဦး သတင်းမှန်ပြန်ကြားရေး)

ဆက်စပ် သတင်းများ