အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်များက ညဉ့်အချိန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရခိုင်မြို့နယ်အချို့မှ လူနေရပ်ကွက်များနှင့်ကျေးရွာများသို့ ရမ်းသမ်းပြီးတရစပ်ပစ်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်က မြို့နယ်အချို့တွင် ယနေ့ ညနေ ၉ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  လူနေ ရပ်ကွက်များနှင့် ကျေးရွာများသို့ ရမ်းသမ်းပြီး တရစပ်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားနေကြသည့် မြို့နယ်အချို့မှာ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့ဖြစ်ကြသည်။

စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် စစ်ကောင်စီလက်ခံ ရဲစခန်းတစ်ခုက လက်နက်ငယ် ၅ မိနစ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် စစ်တွေမြို့နယ် ပါဒလိတ်စစ်ကောင်စီတပ်စခန်းမှာ လက်နက်ကြီး ဆက်လက်ပစ်ခတ်ခဲ့သည်ဟု အမြင့်ကျွန်းကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"အမြင့်ကျွန်း ရဲစခန်းက လက်နက်ငယ်တွေ ၅ မိနစ်လောက် ပစ်ခဲ့တယ်။ ပါဒလိတ်တပ်ကနေတော့ လက်နက်ကြီး ၃ လုံးပစ်ခတ်ပါတယ်" ဟု ယနေ့ ည ၉ နာရီကျော်က နိရဉ္စရာသတင်းဌာနကို ပြောသည်။
 
ယင်းအပြင်စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရသည့် မင်းပြားမြို့တွင်လည်း ကျိန်းတော်၌ တပ်စွဲထာသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေပြီး ဒဏ်ရာရသူများပါရှိနေသည်ဟု မင်းပြားမြို့ခံတစ်ယောက်က နိရဉ္စရာကိုပြောသည်။

"တောင်အောက်က ပစ်တာများတယ်။ လက်နက်ကြီးတွေရော သေနတ်သံတွေရောကြားနေရတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိနေတယ်။ အရေးပေါ်ကားတွေလည်း မရှိဘူး။ မြို့ပေါ်ရပ်ကွက်တွေမှာ ကျတယ်။ အခုပြောနေရင်းတောင်ပစ်နေတာ" ဟုပြောသည်။

အလားတူ ကျောက်တော်မြို့၊ ကန်ဇောက်အခြေစိုက်ခမရ (၅၃၉) တပ်ရင်းမှ လက်နက်ကြီးများ ဆက်တိုက်ကဲ့သို့ပစ်ခတ်နေသည့်အတွက် ဗုံးခိုကျင်းထံ ဝင်ရောက်ပုန်းခိုလုံနေရကြောင်း ပြောသည်။

"ကန်ဇောက်တပ် ၅၃၉ က ပစ်နေတာပါ။ အခုဆို လက်နက်ကြီး ၄ လုံးလောက်ရှိပြီ။ အားလုံးကြောက်ပြီး ဗုံးခိုကျင်းထဲ ပုန်းနေကြပါတယ်" ဟု ဗုံးခိုကျင်းမ၌ ပုန်းရှောင်နေရသော ကျေးရွာသားတစ်ဦးက ပြောသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးသည် ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒုတိယမြောက်နေ့တွင် ဆက်လက် လူနေကျေးရွာ ရပ်ကွက်များသို့ ပစ်ခတ်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပစ်ခတ်နေခြင်းသည် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်နေခြင်းများသာဖြစ်ကြောင်း၊ နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းအပါဝင် စခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ခဲ့ရပြီး စစ်ပွဲများတွင် အရှုံးများနေခြင်းကြောင့် ပြည်သူလူထုများအား အငြိုးတကြီး ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။

ရုပ်သံဖိုင် - မင်းပြားမြို့၌ ပစ်ခတ်သံများကြားရစဉ် 

ဆက်စပ် သတင်းများ