အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ကျေးရွာများသို့ ချိန်ရွယ်ပစ်ခတ်သည့် လက်နက်ကြီးပစ်မှတ်များကို စွန့်ခွာသွားသော စစ်ကောင်စီစခန်းတွင်တွေ့ရှိ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

စစ်ကောင်စီတပ်က ကျေးရွာများသို့ ချိန်ရွယ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ပစ်မှတ် အတိုင်းအတာများများကို  စစ်သားများ စွန့်ခွာသွားသော မြောက်ဦးမြို့နယ်၊တိန်ညို စစ်ကောင်စီတပ်စခန်းတွင် တွေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

" ဘယ်ရွာကဘယ်လောက်ဒီဂရီ။ ဘယ်လောက်မီတာရှိတယ်။ ယမ်းအားကဘယ်လောက်ဆိုတာ သူတို့တွက်ချက်ထားတဲ့ ပစ်မှတ် ဆိုင်းဘုတ်တွေကို တွေ့ရတယ်။ လက်နက်ကြီးတပ်ဆင်ခဲ့တဲ့ ကျင်းဘေးပတ်ပတ်လည်မှာအဲဒါတွေကိုဆိုင်းဘုတ်ထူထားတယ်" ဟု တိန်ညိုဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်ရန်အတွက် တွက်ချက်ထားသည့် ကျေးရွာများမှာ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ အနီးတဝိုက်ကျေးရွာများဖြစ်ကြသည်ဟု သိရသည်။

၎င်းကျေးရွာများမှာ တိန်ညိုတံတား၊ တိန်ညိုရွာထိပ်လမ်းဆုံ၊ တန်ညိုရွာဟောင်း လမ်းတံတား၊ တိန်ညိုရွာသစ်၊ အိုးထိမ်းရွာလမ်းဆုံ၊ပြိုင်းတောင်ရွာ၊ တင်းထိန်ကန်ကျေးရွာထိပ်လမ်း၊ လိပ်ဆင်းပြင်ရွာ၊ အောက်သာကန်ရွာ၊ ရွှေကျင်ပြင်ရွာ၊ ပညာသည်ရွာ၊ သပြေကန်ရွာ၊ လယ်တောချောင်းစပ်၊ သင်္ချိုင်းနေရာစသည့် လက်နက်ကြီးပစ်မှတ်များကို ပစ်မှတ်ဒီဂရီ၊ အကွာအဝေး၊ အသုံးပြုရမည့် ယမ်းအားတို့နှင့် အတူ အသေအချာ စနစ်တကျတွက်ချက်ထားကြောင်း ဒေသခံများကပြောသည်။




အဆိုပါပစ်မှတ်ဆိုင်းဘုတ်များထဲတွင် (၁) ခမ(ET- 108907၊ (၂) သပြေကန်ရွာ၊ (၃) ၃၀၈ ဒီဂရီ၊ (၄) မီတာ  ၁၇၀၀ ၊ (၅) ယမ်းအား- ၃ ဟူ၍ တွက်ချက်မှုများကိုဖော်ပြထားသည်ဟုဆိုသည်။

အလားတူ (၁) ခမ (ET -106875 ၊ (၂) ပညာသည်ရွာ၊ (၃) ဒီဂရီ- ၂၁၆ ၊ (၄) မီတာ- ၂၆၅၀ ၊ ယမ်းအား - ၄ ၊ (၁) ခမ(ET- 094909 ၊ (၂) ရွှေကျင်ပြင်ရွာ၊ (၃) ဒီဂရီ- ၂၉၄ ၊ (၄) မီတာ- ၃၀၅၀ ၊ (၄) ယမ်းအား- ၅ ၊ (၁) ခမ(ET- 145891 ၊ (၂) ပြိုင်းတောင်ရွာ၊ (၃) ဒီဂရီ- ၁၀၂၊ (၄) မီတာ- ၂၄၃၀ ၊ (၅) ယမ်းအား- ၄ စသဖြင့်အသီးပစ်မှတ်တွက်ချက်မှုများကို အဆင်သင့်စိုက်ထူထားကြောင်းသိရသည်။

" အခုလိုရွာတွေကို ပစ်ဖို့အတွက် သီးသန့်ကိုလုပ်ထားတာက သူတို့(စစ်ကောင်စီတပ်)က ပြည်သူတွေကို သေကြေရအောင် ရည်ရွယ်ချက်ထားပြီးသားဆိုတာတာပေါ်လွင်တာပေါ့" ဟု ဒေသခံတစ်ဦးကပြောသည်။

ရခိုင်တိုက်ပွဲစတင်ပြီး နိုဝင်ဘာလ ၁၅ ရက်ညဥ့်အချိန်ကပင် မြောက်ဦးမြို့နယ်၊တိန်ညိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အဆိုပါရဲစခန်းတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ၄င်းတို့စွန့်ခွာသွားသည့်နေရာတွင် ပြည်သူလူထုနေသည့် ကျေးရွာများသို့ ပစ်ခတ်ရန်တွက်ချက်ထားသည့် အထောက်အထားများကိုတွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။


ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက် အထိ (၈) ရက် အတွင်း အရပ်သား (၁၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၅၀)ဦးရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်အထိရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

သို့သော်လည်း မြန်မာအကြမ်းဖက်စစ်တပ်က ရခိုင်ပြည်သူများ နေထိုင်ရာ မြို့ပြ ကျေးလက် ရွာငယ်ဇနပုဒ်ပါ မကျန် လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဉ် ပစ်ခတ်နေသည်ကို တမင်ဖုံးကွယ်ပြီး မြန်မာတပ်မတော်သည် ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာက ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်က လိမ်လည် သတင်းထုတ်ပြန်ထားသည်။(NN-23)

ဆက်စပ် သတင်းများ