အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ရခိုင်ဒေသခံများကို ဖမ်းဆီးပြီး ငွေညှစ်​မှုများရှိနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

စစ်ကောင်စီတပ်သည် ရခိုင်က ဒေသခံအရပ်သားများကို AA တံဆိပ်ကပ်ကာ ဖမ်းဆီးပြီး ငွေညှစ် တောင်းခံမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောကြားသည်။

စစ်တွေမြို့ မှ ဖမ်းဆီးခံရသူတစ်ဦးက  “အဖမ်းခံရသူတွေချင်းအတူတူတောင် တချို့ကို တစ်သိန်းတောင်းတယ်။ တချို့ကို သုံးသိန်း တောင်းတယ်။ ပြီးရင် ပြန်လွှတ်လိုက်တယ်။ ကျွန်တော်လည်း တစ်သိန်းပေးခဲ့ရတယ်။ နှိပ်စက်ခံရမယ်။ ထောင်ကျမယ်ဆိုတော့ မတတ်နိုင်ပေမယ့် ပေးခဲ့ရတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားရာ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တောစသည်မြို့များတွင်  စစ်ကောင်စီတပ်သည် ငွေညစ်လျှင် ရနိုင်မည့်သူများကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ထိုသို့ ဖမ်းဆီး ငွေညစ်မှုများ ရှိနေကြောင်း သိရသည်။

အဖမ်းခံရသူများ၏မိသားစုဝင်တစ်ဦးက  “ ရဲသားတွေက ငွေပေးရင်လွှတ်ပေးနိုင်တာ ပြောတာမျိုး ရှိတယ်။ ပိုက်ဆံမရှိရင် မပေးနိုင်ဘူး။ ဒါပေမယ့် ကိုယ့်သားသမီး၊ သားလင်တွေကို အပြစ်မရှိဘဲ ထောင်ချမယ်ဆိုတာတော့ အဖြစ်မခံနိုင်ပါဘူး။ တောင်းတဲ့ ငွေပေးရတာပဲ”ဟု ပြောသည်

လက်ရှိ ရခိုင်တွင် မည်သူမဆို အဖမ်းခံရနိုင်ပြီး ဥပ​ဒေသည် သူတို့ပါးစပ်ဖျားပေါ်တွင် ဖြစ်နေသည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

“အခု ရခိုင်မှာ ဘယ်လိုဖြစ်နေလည်းဆိုတော့ သူတို့ မသင်္ကာရင် လူတိုင်းအဖမ်းခံရနိုင်တယ်။ သာမာန်လူကိုထား အစိုးရဝန်ထမ်းတွေလည်း အဖမ်းခံရတာတွေရှိတယ်။ ဖမ်းရင် အေအေဆိုပြီး တံဆိပ်ကပ်တယ်။ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမပေးနိုင်ရင် နှိပ်စက်မယ်။ အေအေဆိုပြီး တရားစွဲမယ်။ ဒါမျိုးတွေလုပ်နေတာ” ဟု ပြောဆိုသည်။

သို့အတွက် ရက္ခိုင့်တပ်တော် နှင့် ပတ်သက်မှု တစ်စုံတစ်ရာမရှိသည့် သာမာန် အရပ်သားများလည်း စစ်ကောင်စီက ဖမ်းဆီးမည်ကို ကြောက်နေကြရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် လမ်းသွားလမ်းလာများကိုလည်း မထင်မှတ်သလို လိုက်ဖမ်းပြီး ရဲစခန်းများတွင် ထိန်းသိမ်းထားကာ ငွေပေးလျှင် ပြန်လွှတ်မည်ဟု ပြောဆိုမှုများရှိနေကြောင်း၊ မပေးနိုင်သူများကို ရိုက်နှက်ခြင်းများရှိပြီး အပြင်ရောက်လျှင်  မည်သူ့ကိုမျှ မပြောရန် ခြိမ်းခြောက်ထားကြောင်း ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ပြောသည်။

ရခိုင်တွင် အရပ်သား ၁၀၀ ကျော်ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တစ်ချို့ကို ငွေကြေးတောင်းကာ ပြန်လွှတ်ပေးမှုများရှိသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ကျောက်ဖြူမှာဆိုလည်း အပြစ်မရှိအပြစ်ရှာပြီး ဖမ်းထားတာမနည်းဘူး။ သူတို့ကိုပိုက်ဆံတောင်း ပြန်လွှတ်တယ်။ ဒါက စစ်ကောင်စီတပ်က လက်နက်ပြပြီး မတရား  စီးပွားရေးရှာတာနဲ့ တူနေတယ်”ဟုပြောသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများ၊စီးပွားရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အရပ်ဖက် အဖွဲ့စည်းများသာမက ရခိုင်တေးသံရှင်များနှင့် ရဟန်းသံဃာတော်များကိုပါ ဖမ်းဆီးလာပြီး ပုဒ်မအမျိုးမျိုးဖြင့်တရားစွဲဆိုအမှုဖွင့်လာကြောင်း သိရသည်။

ဒီဇင်ဘာ ၆ ရက်ကလည်း အမ်းမြို့၊ စျေးတောင်ရပ်ကွက်နေ “Nilar Aung” facebook အကောင့်ပိုင်ရှင် တင်နီလာအောင်(ခ) မီးငယ်အား  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး  လူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း ဝါဒဖြန့်မှုများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ  စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၇ ရက်  ည ၁၁ နာရီ မိနစ် ၂၀ ခန့် တွင်လည်း  လူမှုကွန်ယက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ၀ါဒဖြန့်ခြင်းများ ပြုမှု လုပ်ဆောင်ခဲ့သည်ဟုဆိုကာ  “ Mi Mi Khaing” facebook အကောင့်ပိုင်ရှင် ဖြစ်သူ ရခိုင်ပြည် သံတွဲမြို့ အမှတ် (၁) ရပ်ကွက်နေ မိမိခိုင်အား ဖမ်းဆီးပြီး သံတွဲမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း ထားသည်ဟု သိရသည်။

အလားတူ စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကိုလည်း ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်လိုက်သည်ဟု သိရသည်။ (NN-11)

ဆက်စပ် သတင်းများ