အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က တောကန်ရွာကို မီးရှို့ပြီး သက်ကြီးနှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

(ပလက်၀တွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲ၍ ကလေးငယ်၁ ဦးအပါအဝင် ၃ဦးသေဆုံး)  

 စစ်တွေမြို့နယ်မှ တောကန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သည့်အပြင် သက်ကြီး နှစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ဇန်နဝါရီ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်ဖြတ်ခံရသူများမှာ လေဖြတ်ထားသော အသက် (၇၀) ကျော်အရွယ် သက်ကြီးပိုင်းအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပြီး သေနတ်ဖြင့် လူမဆန်စွာ ပစ်သတ်ခံခဲ့ရသည် ဖော်ပြထားသည်။

အရပ်သားပြည်သူများကို  ဦးတည်တိုက်ခိုက်ပြီး  စစ်ရာဇဝတ်မှုကျူးလွန်နေသည့်​ စစ်ကောင်စီတပ် အင်အား ၅၀ ခန့် သည်  ယမန်နေ့  နံနက် (၉) နာရီအချိန်ခန့်၌ တောကန်ရွာကို ဝင်ရောက် မီးရှို့သဖြင့် နေအိမ်အလုံးရေပေါင်း (၈၀) ကျော်မှာ မီးဟုန်းဟုန်းတောက်လောင် ပြာကျခဲ့ရသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ပလက်၀မြို့နယ်တွင်လည်း ယမန်နေ့ (ဇန်နဝါရီ ၁၅) ရက်  နေ့လယ် (၂) နာရီ (၃၀) မိနစ် အချိန်ခန့်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာမှ လေကြောင်းက ဗုံးကြဲတိုက်ခိုက်သဖြင့် ကျီးလေကျေးရွာအနီးတွင် ဗုံးသီးများ ကျရောက်ပေါက်ကွဲကာ အသက် (၅) နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် (၁) ဦး အပါအဝင် ဒေသခံအမျိုးသား (၃) ဦးတို့မှာ ဗုံးစထိမှန်ကာ သေဆုံးခဲ့ရသည်။


၎င်းအပြင် အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၂) ဦးတို့မှာလည်း ဗုံးစထိမှန် ကာ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ဦးမြို့တွင်လည်း  စစ်ကောင်စီ၏ “(၃၇၇)” နှင့် “(၃၇၈)” တပ်ရင်းများအနီးရှိ ဘောင်းဒွတ်ကျေးရွာသို့  နံနက် (၁၁) နာရီကျော် အချိန်ခန့်တွင် လက်နက်အင်အားအပြည့်အစုံဖြင့် အကြမ်းဖက်ဝင်ရောက်လာခဲ့ပြီး လူနေအိမ်အများအပြားအား ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ပေါက်တောမြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ “စစ်တွေ အမှတ် (၁၂) ရဲတပ်ရင်း” နှင့် စစ်တွေမြစ်ရှိ ရန်သူ့နေဗီတို့မှ ပေါက်တောမြို့အား ယနေ့၊ ညနေ (၇) နာရီအချိန်ခန့်၌ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း စစ်ကောင်စီမှ ကုန်းလမ်းပိတ်ဆို့ထားသဖြင့် လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်အင်အားနှင့် လူအင်အားတို့ ဖြည့်တင်းလျက်ရှိပြီး အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက်ရှိသည်။ စစ်တွေမြို့နှင့် အနီး ကျေးရွာများ၌လည်း စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံလက်ကိုင်တုတ်တပ်ဖွဲ့ဝင်များမှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး အနိုင်ကျင့်ခြင်းများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေသည့်အပြင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ပိုမိုများပြားလာနေသည်။


ဇန်နဝါရီ ၁၅ ရက် ည (၉) နာရီအချိန်ခန့်တွင် ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ “စကခ (၉) တပ်မ” နှင့် မဟာမုနိဘုရား၌ ယာယီအခြေချတပ်စွဲထားသည့်စခန်းမှ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မဟာမုနိ ကျေးရွာနေ အသက် (၃၅) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အနီးအနား‌ကျေးရွာ များသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ရသည်။

အလားတူပင် ည (၁၁) နာရီအချိန်ခန့်၌လည်း ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၉)” တပ်ရင်းမှ အရပ်သားပြည်သူများနေထိုင်ရာ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရန်သူ့စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည် (၁) လုံးသည် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၇) နှစ်အရွယ် မွတ်ဆလင်‌ယောကျာ်းလေး (၁) ဦးမှာ ထိခိုက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ယမန်နေ့၊ ညနေ (၄) နာရီကျော်အချိန်ခန့်၌ ကျောက်ဖြူ တောင်းရင်းရပ်ကွက်မှ အပြစ်မဲ့ ဒေသခံစျေးသည် (၂) ဦးသည် စားဝတ်နေရေးအတွက် ငါးဝယ်ယူရောင်းချရန် လှီကျော်ချောင်းအနီးသို့ သွားရောက်စဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ထို့အပြင် ဇန်နဝါရီလ (၁၃) ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာမှ အသက် (၅၅) နှစ်အရွယ်အမျိုးသား (၁) ဦးမှာ မြို့ပေါ်သို့ စျေးဝယ်ရန်အသွား စစ်ကောင်စီ၏ “အုန်းတောစစ်ဆေးရေးဂိတ်”မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြန်သည်။


ပြီးခဲ့သည့် နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က တောင်ကုတ်မြို့နယ်အ‌ခြေစိုက် စစ်ကောင်စီ၏ “စကခ (၅” လက်အောက်ခံ “ခမရ (၃၄၆)” နှင့် “ခမရ (၅၄၄)” တို့မှ အကြမ်းဖက် အင်အားသုံးကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ တပျော့ကျေးရွာမှ ဒေသခံ (၃) ဦးအနက် အသက် (၁၉) နှစ်အရွယ်ဒေသခံအမျိုးသားမှာ ယနေ့၊ နံနက် (၃) နာရီအချိန်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဆုံးပါးသွားခဲ့ရသည်ဟု ဖော်ပြထားသည်။

ရက္ခိုင်ဒေသတွင်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသည့် စခန်းကုန်းများနှင့် ပြည်သူလူထုအား နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့် ရန်သူ့တပ်စခန်းကြီး၊ ငယ်များအား ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့တွင်လည်း မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင် မြို့နယ်များရှိ စစ်ရေးလှုပ်ရှားရာနယ်မြေအချို့၌ စစ်ကောင်စီ နှင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ရှိနေခဲ့သည်။

ဆက်စပ် သတင်းများ