အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မင်းပြားသို့ နောက်ထပ်စစ်ကူလာသည့် စစ်ကောင်စီတပ်ကို AA က ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်ဖြစ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 6.8k

မင်းပြားမြို့သို့ နောက်ထပ် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

တိုက်ပွဲသည် မင်းပြားမြို့နယ် ငတန်ပျင်းရွာနှင့် ဘားဘူတောင်ရွာဘက်တွင် ယမန်နေ့ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၄နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဇက်ရေယာဉ် ၄ စီးဖြင့် စစ်ကူလာသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်က ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ ငတန်ပျင်းနဲ့ ဘားဘူတောင်က ချောင်းသေးသေးလေး တစ်ချောင်းခြားတယ်။ အဲ့ဖက်မှာ မနေ့ညနေက  တိုက်ပွဲ နာရီဝက် ကျော်ကျော်လောက် ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ကြားတာက နေဗီက တက်လာတဲ့ စစ်သားတွေကို ကိုယ့်တပ်တော်ဘက်က ရှင်းရင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာ။ သူတို့ စစ်သားတွေက ၅၄၁ တပ်ရင်းဘက်ကို လာတာလို့ကြားတယ် ” ဟု ပြောသည်။

၎င်းအပြင် ယနေ့ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းကနေ နေ့လယ် ၂နာရီခွဲခန့်ထိ ဒရုန်း၊ နေဗီနှင့် ဂျက်တိုက် လေယာဥ်များဖြင့် တိုက်ခိုက်ပြီး လေယာဉ်မှာ ဗုံးကြဲချနေသည်ဟု မင်းပြား ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ မနေ့က ညနေလေးနာရီခွဲလောက်ကနေ မင်းပြားကို လေယာဥ်နဲ့ ဗုံးချတာ ၄လုံးလောက်ရှိတယ်။ ကျားရဲပြင်ဖက်နေ ဗီဖက်ကလည်း တစ်ညလုံးပစ်တယ်။ ရွာနားတွေမှာ လက်နက်ကျည်တွေကျတယ်။ ဒီနေ့မနက်လည်း ဒရုန်းနဲ့ ဂျက်တိုက်နဲ့ ဗုံးလာကြဲတယ် ” ဟုပြောသည်။

မင်းပြားမြို့နယ်၊ ကျားရဲပြင် ကျေးရွာအနီးအနားကို ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ နေဗီ ၄ စီးမှ အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေပြီး မင်းပြားမြို့ ၅၄၁ တပ်ရင်းသို့  လာရောက်ရန်ကြိုးပမ်းနေသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသောသတင်းများအရ တိုက်ပွဲဖြစ်ပွားရာ အနီးအနားကကျေးရွာအချို့မှ နေအိမ်များကို မီးရှို့မှုများရှိသလို မသွားနိုင်မလာနိုင်၍ ရွာထဲတွင် ကျန်ရှိနေသည့် သက်ကြီးများကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်မှုများရှိနေသည်ဟု သိရသည်။

စစ်ကောင်စီသည် မင်းပြားမြို့မကျစေရေးအတွက် ရေကြောင်း၊ လေကြောင်းများဖြင့် အသည်းအသန် ခုခံကာကွယ်နေပြီး မင်းပြားမြို့ ရက္ခိုင့်တပ်တော်လက်ထဲသို့ ရောက်ရှိရန်နီးစပ်နေပြီဟု မြို့ခံများက ပြောသည်။(NN-11)

ဆက်စပ် သတင်းများ