သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

အရှုံးနှင့် ရင်ဆိုင်လာရသည့်စစ်ကောင်စီ မောင်တောရှိ ရခိုင်ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 982

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ၁၈/ ၂၀၂၄

ရခိုင်ပြည်၊ မောင်တောတိုက်ပွဲအတွင်း အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အငြိုးအတေးဖြင့် ရခိုင်ကျေးရွာများကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

" မောင်တောက စစ်ဘေးရှောင်နေကြတဲ့ ပြည်သူ‌တွေနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်တွေနဲ့ ဗုံးကြဲလာမူတွေရှိနေတယ်။ မောင်တောဒေသခံတွေရော၊ ရွာခံသားတွေပါ ကျေးရွာတွေမှာ ဆက်မနေရဲကြတော့ဘူး။ ဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်"ဟု မောင်တော ဒေသခံစစ်ဘေးရှောင်တစ်ဦးကပြောကြားသည်။

ထွက်ပြေးနေကြရသည့် ကျေးရွာများမှာ အောင်ဇေယျ၊အောင်သာယာ၊အောင်မင်္ဂလာ၊ဖားဝပ်ချောင်း စသည့်ကျေးရွာများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေကြရကြောင်းဒေသခံများထံမှသိရသည်။

ထိုသို့ ‌မောင်တောမြို့တွင်းမှ စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီ၏လေကြောင်း အန္တယ်ကြောင်း ဒုတိယ အကြိမ် စစ်ဘေးရှောင် ထွက်ပြေးနေရတာကြောင့် အလွန်တရာမှ အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း ‌စစ်ဘေးရှောင်များကပြောဆိုသည်။

"ကျွန်မတို့ မောင်တောက ထွက်လာတာ အဝတ်အထည်နဲ့ အနွေးထည်တွေ၊ စောင်တွေဘာမှ ပါမလာကြဘူး။ စာသင်ကျောင်းတွေက သမန်တလင်း မှာ အခင်းလေးတစ်ခုနဲ့ အိပ်ပြီး နေထိုင် နေကြရတာ။ အခု ဆောင်းဝင်လာပြီ။ ဘာအနွေးထည်မှမရှိဘူး။ လေကြောင်းက ဗုံးကြဲလို့ အခုထပ်ပြီးထွက်ပြေးနေကြရတယ်"ဟု ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ရက်နေ့ နေ့လည်ပိုင်း၌ မောင်တောမြို့နယ်၊မြောက်ပိုင်း၊ အောင်မင်္ဂလာကျေးရွာ အား စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဒဏ်ရာရရှိသူ အချို့ရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းသိမ်အပါအဝင် နေအိမ်နှစ်လုံး မီးလောင် ပျက်ဆီးသွားခဲ့ပြီး ဒဏ်ရာရသူ အချို့ရှိခဲ့သည်။

ထိုအတူ မောင်တောမြို့နယ်တောင်ပိုင်း ခရေမြိုင်ကျေးရွာ အားလည်း စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ် ၁ စီးဖြင့် အောက်တိုဘာလ ၇ ရက် ညနေ ၄ နာရီကျော်ခန့်၌ ဗုံး( ၄ ) လုံးကြဲချ ခဲ့ရာ အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

ဆက်စပ် သတင်းများ