သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

စစ်တပ်က သတ်ဖြတ်သွားသည့် ဆင်အင်းကြီး ရွာသား ၉ ဦးအတွက် တစ်နှစ်ခန့်ကြာသည်အထိ တရားမျှတမှုမရသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်းက အသတ်ခံခဲ့ရသည့်  ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာမှ ရွာသား ၉ ဦးအတွက် တစ်နှစ်နီးပါးကြာသည်အထိ တရားမျှတမှု တစ်စုံတစ်ရာမရရှိသေးဟု ရွာသားများက ပြောသည်။

နစ်နာဆုံးရှုံးခဲ့ရသည့်ရွာသားများကို လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က နစ်နာကြေးများမပေးသလို တောင်းပန်ခြင်းများလည်းပြုလုပ်ခြင်းမရှိသေးသောကြောင်း၊ တရားမျှတမှုလည်း မရရှိသေးကြောင်း၊ စစ်ကောင်စီက တာဝန်ခံမှု၊ တာဝန်ယူမှုလည်း မရှိသေး​ကြောင်း အဆိုပါကျေးရွာမှ မိဘနှစ်ပါးစလုံး အသတ်ခံလိုက်ရသူ မမိုးမိုးဆန်းက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ကျမတို့ရွာမှာ အရင်ကအတိုင်းပါပဲ။ ပျက်စီးသွားတာကိုပြုပြင်ပေးတာမျိုးမရှိဘူး။ စစ်ကောင်စီ မဟုတ်တဲ့ ကိုယ့်ရခိုင်လူမျိုးတွေက လာလှူပေးတာတော့ ရှိတယ်။ စစ်ကောင်စီဘက်က ဘာမှ လုပ်ပေးတာမရှိဘူး။ မိဘနှစ်ပါးဆုံးသွားတဲ့ခံစားချက်က ပြောမပြတတ်အောင်ပဲ။ ခုချိန်ထိ နာကျင်နေရတုန်းပါပဲ”ဟု ပြောသည်။

ဆင်အင်းကြီးရွာနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက ရိက္ခာတင်ဆောင်လာသည့် စစ်ကားများကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် တစ်စီးထိမှန်ကာ စစ်သားအများအပြား သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့ညနေပိုင်းတွင် အဆိုပါ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ဆင်အင်းကြီးကျေးရွာသို့ဝင်ရောက်ပြီးနောက် ရွာကို မီးရှို့သဖြင့်  နေအိမ် ၉ လုံး ဆုံးရှုံးပျက်စီးသွားခဲ့ကာ ကျေးရွာထဲမှ ထွက်မပြေးနိုင်ဘဲကျန်ခဲ့သည့် အသက် ၉၂ အရွယ် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအပါအဝင် ရွာသား ၉ ဦးကိုလည်း အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

သေဆုံးသွားခဲ့သူများမှာ အသက် ၉၂  နှစ်အရွယ်ဒေါ်မကြီး၊ဆေးဆရာဦး ကျော်နိုင်၊အသက် ၅၄ နှစ်အရွယ် ဒေါ်မေနု၊ အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်(ဒေါ်မေနုရဲ့ အမျိုးသား)၊အသက် ၆၂ နှစ်အရွယ် ဦးမောင်ကျော်သိန်း၊အသက် ၆၀ အရွယ် ဦးဦးကျော်ဇံ၊ အသက် ၄၅ နှစ်အရွယ် ဦးမှဲ့နီ၊အသက် ၄၃ နှစ် အရွယ်ဦးမောင်မောင်သိန်း(ချေ)နှင့် အသက် ၃၇ နှစ်အရွယ် ဦးမောင်စံလှတို့ ဖြစ်ကြသည်။


ယင်းနောက်ပိုင်းတွင်လည်း စစ်တပ်က လူနေကျေးရွာများအနီးဝန်းကျင်ကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သလို ပုဏ္ဏားကျွန်းအခြေစိုက် ၅၅ဝ တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်သဖြင့် ကျေးရွာအတွင်းရှိ ကျွဲ၊ နွားတိရစ္ဆာန်များသေကြေသွားခဲ့ရသလို စပါးနှင့် သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်ဟု သိရသည်။

ယင်းဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ်စစ်ကောင်စီက ယနေ့အချိန်ထိ တစ်စုံတစ်ရာ မေးမြန်းခြင်း၊ တောင်းပန်ခြင်း၊ နစ်နာကြေးပေးခြင်း မရှိသည့်အပြင် ကျန်ရစ်သူမိသားစုများအား လျစ်လျူထားဆဲဖြစ်ကြောင်း ဆင်အင်ကြီးကျေးရွာတာဝန်ခံက နိရဥ္စရာကိုပြောသည်။

“နစ်နာကြေးပေးတာလည်း မရှိဘူး။ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်တွေကို ICRC ကပဲ နည်းနည်းလှူတာ ရှိတယ်ပေါ့နော်။ ရခိုင်ပြည်အစိုးရက လှည့်တောင်မကြည့်ဘူး။ ကျနော်တို့မှာ မီးရှိုခံလိုက်ရလို့ ဆုံးရှုံးသွားတာက တစ်မျိုး”ဟုပြောသည်။

ဆင်အင်းကြီးကျေးရွာတွင် အိမ်ခြေ ၁ဝဝ ကျော်ရှိသည်ဟုလည်း သိရသည်။

ဆင်အင်းကြီးကျေးရွာမှ ဒေသခံများ သေဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ(၅၅၀)နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဟုလည်း ရက္ခိုင့်တပ်တော်(AA)က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နိရဥ္စရာသတင်းဌာက ပြုစုထားသော စာရင်းအရ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှစတင်ကာ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့သော တကျော့ပြန်တိုက်ပွဲ ၄ လတာ ကာလအတွင်း သေဆုံးခဲ့ရသည့် ရခိုင်အရပ်သားပြည်သူ ၄၆ ဦး၊ ဒဏ်ရာရသူ ၈၉ ဦးရှိခဲ့ပြီး နေအိမ် (၉) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ၊ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းများကို ယနေ့အချိန်အထိ ဝန်ခံခြင်းလည်းမရှိသလို တာဝန်ယူမှု၊ တာဝန်ခံမှုများလည်း မရှိသေးဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ထောက်ပြသည်။ (NN-11)


ဆက်စပ် သတင်းများ