အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် KTV ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းမှာ ခံဝန်ထိုးထားမှုကို ချိုးဖောက်၍ဟုဆို


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2k

ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ  KTV သုံးခုကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များက များမကြာမီက ဝင်ရောက်စီးနင်းခဲ့ခြင်းမှာ သဘောတူထားသော ခံဝန်ချက်ကို ချိုးဖောက်၍ ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

“  ဒီ KTV တွေမှာ လိုင်စင်ရှိတယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေအရ မဖွင့်ပါဆိုတဲ့ အကြောင်းကို လက်မှတ်ထိုးထားကြတယ်။ KTV အားလုံးပေါ့။ စစ်တွေတစ်မြို့လုံး။ မဖွင့်ရဘူးပေါ့။ ဖွင့်တယ်ဆိုလို့ရှိရင် ငါတို့ ဘယ်နေ့မဆိုလာဖမ်းမယ်။ ဘယ်အဖွဲ့အစည်းကမဆို ဖမ်းလို့ရတယ် ဆိုပြီးတော့ လက်မှတ် ထိုးထားတယ်။ အဲဒါကို ဟိုတစ်နေ့က ပညာပြလိုက်တာ”ဟု ပြောသည်။

ဝင်ရောက်စီးနင်းခြင်းကိုခံခဲ့ရသည့် KTV များမှာ  စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ အိမ်ဖြူတော်ဟု လူသိများသည့် White House KTV ၊ မင်းဂံရပ်ကွက်ရှိ Sweet Dream KTV နှင့် မကျည်းမြိုင် ရပ်ကွက်ရှိ Rock & Roll KTV တို့ဖြစ်သည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်၊ နံနက်အစော ၄ နာရီခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှိကထောင် ရပ်ကွက်ရှိ Happy KTV တွင် အမည်မသိ လက်နက်ကိုင်များဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ တပ်မ(၃၃)လက်အောက်ခံ တပ်ရင်း (၁၃)မှ ဗိုလ်မှူးတစ်ဦး၊ အသက် ၄ဝ အရွယ် လုပ်ငန်းရှင်နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ငါးဦး သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များ၊ KTV များ၊ Bar များ၊ စင်တင်တေးဂီတများ၊ နိုက်ကလပ်(Night Club)များနှင့် အနှိပ်ခန်းများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုများပြုလုပ်လာနေခြင်းဖြစ်သည်ဟုလည်း သိရသည်။

စစ်ကောင်စီသည် ဇူလိုင်လ ၅ ရက်မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ဆိုင်များ၊ KTV များ၊ Bar များ၊ စင်တင်တေးဂီတများ၊ နိုက်ကလပ်(Night Club)များနှင့် အနှိပ်ခန်းများကို ခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်များ အတိုင်းသာ ဖွင့်လှစ်ရန်နှင့် ခွင့်ပြုမိန့်မရဘဲ လုပ်နေသူများကို ပိတ်သိမ်းကြရန် ယခုနှစ်အတွင်း ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု သိရသည်။

ယင်းသို့ညွှန်ကြားချက်ထုတ်ပြီးနောက် ဇွန်လမှစတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ အပါအဝင် ကရင်ပြည်နယ်ရှိ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်စသည့်မြို့များရှိ KTV များကို စစ်ကောင်စီက စစ်ဆေးမှုများပြုလုပ်ပြီး စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် KTV များကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အလားတူ စစ်တွေရှိ KTV များကိုလည်း ဇူလိုင်လ ၃ဝ ရက်ညတွင် စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ စစ်တွေမှာ လုပ်ကိုင်ခွင့်လိုင်စင်နဲ့ လုပ်နေကြတဲ့  KTV တွေအားလုံးကို ဖွင့်လှစ်ခြင်းမပြုဘူး။ ဆိုင်ပိုင်ရှင်တွေကိုလည်း  လွန်ခဲ့တဲ့  ၁လကျော်ကတည်းက ပြည်နယ်စစ်ကောင်စီကနေ ခံဝန်ထိုးခိုင်းတယ်။ အဲဒီခံဝန်ချက်ကို ချိုးဖောက်လို့ ဝင်ဖမ်းတာပါ။ အထက်အရာရှိကြီးတွေ အကြား ဝေစုမတည့်လို့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စီးနင်းခံခဲ့ရချိန် KTV အတွင်းရှိ အမျိုးသမီးများအပါအဝင် ဆိုင်တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဆိုင်အတွင်းရှိ ဧည့်သည်များကိုပါ စစ်ကောင်စီက စစ်တွေမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  နောက်နေ့ ဇူလိုင်လ ၃၁ ရက်တွင် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးလိုက်ပြီဟု ဖမ်းဆီး ခံခဲ့ရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မနက်လင်းတော့ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တာ”ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့်  KTV သို့လာရောက်ခဲ့သည့် ဧည့်သည်များနှင့် KTV ဝန်ထမ်းများကို ၎င်းတို့၏ မိသားစုဝင်များက မြို့မရဲစခန်းသို့ လာရောက်ပြီး အာမခံဖြင့်ထုတ်ယူခဲ့ခြင်း ဖြစ်သည်ဟုလည်း သူတိုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် ဆိုင်တာဝန်ရှိသူများကိုမူ ရဲက မည်သို့နားလည်မှုဖြင့် လွှတ်ပေးခဲ့သည်ဆိုသည်ကိုမူ မသိရဟုလည်း သူက ဆိုသည်။

စစ်တွေတွင် ယခုစီးနင်းခံခဲ့ရသည့် KTV များအပါအဝင် KTV ၆ ခုနှင့်အထက်ရှိသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ဓာတ်ပုံ - စစ်ကောင်စီ၏စီးနင်းခြင်းခံခဲ့ရသည့် အိမ်ဖြူတော်(ခေါ်) White House KTV အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ