အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေရှိ KTV နှစ်ခုမှ ပိုင်ရှင်နှင့် ဝန်ထမ်းများ စုစုပေါင်း ၆၀ ကျော် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ ဖြင့် အမှုဖွင့်ခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ White House နှင့် Sweet Dream KTV နှစ်ခုမှ ပိုင်ရှင်များနှင့် ဝန်ထမ်းစုစုပေါင်း ၆၀ ကျော်သည် ထောင် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

White House KTV မှ ပိုင်ရှင်နှင့် မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၄၉ ဦးနှင့် Sweet Dream KTV မှ ပိုင်ရှင်နှင့် မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၁၅ ဦး၊ စုစုပေါင်း ၆၄ ဦးတို့သည် ဇူလိုင်လ ၃၁ ရက်တွင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

"သူတို့ အမှုဖွင့်ခံထားရတာ ဟုတ်ပါတယ်။ အယောက် ၆၀ ကျော်တောင်အမှုဖွင့်ခံထားရတာ"ဟု ပြောသည်။

အိမ်ဖြူတော်ဟု လူသိများသည့် White House KTV သည် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက် တွင်ရှိပြီး Sweet Dream KTV သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက် (ဝန်ထမ်းအကွက်)တွင်ရှိကြောင်း သိရသည်။

အဆိုပါ KTV နှစ်ခုအပါအဝင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ Rock & Roll KTV တို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်၊ ညဉ့် ၁၂ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ယင်းအချိန် ဆိုင်အတွင်းရှိ မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းများအပါအဝင် ဆိုင်သို့ရောက်ရှိနေသည့် ဧည့်သည်များကိုလည်း စစ်တွေမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးထားသူများကို နောက်တစ်နေ့ ဇူလိုင်လ ၃၁ ရက်တွင် အမှုဖွင့်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

အမှုဖွင့်ခံလိုက်ရသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ သည် ငွေကျပ် ၁ သိန်းဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

အဆိုပါ KTV များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမှာ စစ်တွေရှိ KTV များကို ယာယီပိတ်သိမ်းထားပြီး ဖွင့်လှစ်ခြင်းမပြုပါဟု ပြည်နယ်စစ်ကောင်စီထံ လက်မှတ်ရေးထိုးထားသည်ကို KTV များဘက်က ချိုးဖောက်ခဲ့သည့်အတွက် ဖြစ်သည်ဟု သိရသည်။

အဆိုပါ KTV များကို ညဥ့် ၁၂ နာရီကျော်လွန်ကာ သတ်မှတ်ချိန်ထက် ပိုဖွင့်၍ ဖမ်းဆီးအမှုဖွင့်ခံရခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

မည်သည့်အတွက်ဖမ်းဆီးအမှုဖွင့်ခဲ့သည်ကိုသိနိုင်ဖို့ စစ်တွေမြို့မရဲစခန်းသို့ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ဆက်လက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကိုဆက်သွယ်ခဲ့သော်လည်း ယခုကိစ္စကို ရဲကိုသာမေးရန် တုံ့ပြန်ခဲ့သည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ဆိုင်များ၊ KTV များ၊ Bar များ၊ စင်တင်တေးဂီတများ၊ နိုက်ကလပ်(Night Club)များနှင့် အနှိပ်ခန်းများကို ခွင့်ပြုထားသည့်လုပ်ငန်းလိုင်စင်များအတိုင်းသာ ဖွင့်လှစ်ရန်နှင့် ခွင့်ပြုမိန့်မရဘဲ လုပ်နေသူများကို ဇူလိုင်လ ၅ ရက်မှစပြီး ပိတ်သိမ်းကြရန် ယခုနှစ်အတွင်း ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ယင်းသို့ညွှန်ကြားချက်ထုတ်ပြီးနောက် ဇွန်လမှစတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့အပါအဝင် ကရင်ပြည်နယ်ရှိ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်စသည့်မြို့များရှိ KTV များကို စစ်ကောင်စီက စစ်ဆေးမှုများပြုလုပ်ပြီး စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် KTV များကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အလားတူ စစ်တွေရှိ KTV များကိုလည်း စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - စစ်ကောင်စီ၏စီးနင်းခြင်းခံခဲ့ရသည့် အိမ်ဖြူတော်(ခေါ်) White House KTV အား တွေ့ရစဉ်။ (Photo - Internet)

ဆက်စပ် သတင်းများ