အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် စက်လှေမြုပ်၍ ပျောက်ဆုံးနေသည့် မွတ်ဆလင်များအနက် နောက်ထပ် ၁၃ လောင်း ထပ်တွေ့


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေသည့် မွတ်ဆလင် ၄၅ ဦးအနက် နောက်ထပ် အလောင်း ၁၃ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်ဟု ရှာဖွေနေသူများက ပြောသည်။

ယနေ့ သြဂုတ်လ ၉ ရက်တွင် စစ်တွေမြို့နယ်၊ ဘာဆာရာရွာအနောက်ဘက် ပင်လယ်ကမ်းခြေ၌ ၄ လောင်း၊ သဲချောင်းရွာဘက် ကမ်းခြေတွင် ၅ လောင်းနှင့် ယမန်နေ့ သြဂုတ်လ ၈ ရက်တွင် ၄ လောင်း၊ စုစုပေါင်း ၁၃ လောင်းကို ထပ်တွေ့ထားခြင်းဖြစ်သည်ဟု အလောင်းအား ရှာဖွေမှုပြုလုပ်ရာတွင် ပါဝင်သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဥ္စရာကိုပြောသည်။

“အမျိုးသား၊ အမျိုးသမီး ဘယ်လောက်ပါတယ်ဆိုတာတော့ ကျနော်လည်း မကြည့်ဖြစ်လိုက်ဘူး။ လူငယ်ပိုင်း အသက် ၂ဝ ကျော်တွေလည်း ပါတယ်”ဟု ပြောသည်။

အလောင်းများကို စစ်တွေဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

 

ဘာဆာရာကျေးရွာတာဝန်ခံ ဦးအီးလီးယက်က “ကျနော်တို့ဆီမှာတွေ့တဲ့ ၃ လောင်းစလုံးကတော့ မိန်းမတွေပါ။ ကျန်တဲ့နေရာတွေမှာတော့ ကျနော်မပြောတတ်ဘူး။ အလောင်းရတယ်လို့ကြားတယ်။ မိန်းမတွေများတယ်။ ယောက်ျားနည်းပါတယ်။ အမျိုးသမီးဘယ်နှစ်ယောက်၊ အမျိုးသား ဘယ်နှစ်ယောက်လဲ ကျနော်လည်း မပြောတတ်ဘူး”ဟု ပြောသည်။

 

မွတ်ဆလင် ၅၅ ဦးလိုက်ပါလာသည့် စက်လှေတစ်စီးသည် ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်က ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာမှ မလေးရှားနိုင်ငံသို့ ပင်လယ်ပြင်အတိုင်းထွက်ခွာလာစဉ် ယင်းနေ့တွင်ပင် စစ်တွေပွိုင့်ကမ်းခြေအနီး ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့မှုကြောင့် စက်လှေနစ်မြုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ စက်လှေနစ်မြုပ်ပြီးနောက် ယင်းနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမြို့နယ်၊ ဘာဆာရာ ကျေးရွာအနီး ပင်လယ်ကမ်းခြေ၌ ရေနစ်မြုပ်သေဆုံးနေသည့် မွတ်ဆလင် အမျိုးသမီး ၂ ဦး၏အလောင်းနှင့်အတူ အသက်ရှင်လျက်လွတ်မြောက်ခဲ့သည့် အမျိုးသား ၈ ဦးကို တွေ့ရှိခဲ့သည်။

ယင်းနောက် ပျောက်ဆုံးနေသူများအား ရှာဖွေခဲ့ရာ ယမန်နေ့နှင့် ယနေ့တွင် နောက်ထပ် အလောင်း ၁၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ၃၂ ဦးမှာ ပျောက်ဆုံးနေသေးကြောင်း သိရသည်။

ပျောက်ဆုံးနေသူများကိုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။

အသက်ရှင်လျက်လွတ်မြောက်လာသည့် မွတ်ဆလင် ၈ ဦးကို လက်ရှိတွင် စစ်တွေမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု သိရသည်။

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ