အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ဝကျော် ညအချိန် အုပ်စုဖွဲ့ ဓားခုတ်ခံရပြီး ၄ ဦးကို ဆေးရုံတင်ထားရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အဝေးသင်တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသား ၁ဝ ကျော်အား အမည်မသိလူတစ်စုက ညအချိန် ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့၍ ဒဏ်ရာရရှိသူ ၄ ဦးကို ဆေးရုံတင်ထားရသည်ဟု သိရသည်။

ဓားခုတ်ခံရသည့် ကျောင်းသားများမှာ ၁၁ ဦးဖြစ်ပြီး ယင်းအနက် ကိုမောင်စိုးလွင်၊ ကိုကျော်နိုင်ဝင်း၊ ကိုကျော်ငြိမ်းစိုးနှင့် ကိုစိုးမင်းသူတို့ ၄ ဦးတွင် ဦးခေါင်း၊ ပခုံး၊ ကျောပြင်၊ ခါးနှင့် လက်တို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံတင်ထားရသည်ဟု ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဒဏ်ရာရရှိတဲ့ ကျောင်းသားတွေက ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်။ ဒဏ်ရာတွေက များတယ်လို့ပြောတယ်။ ဘာကြောင့် ခုတ်ခံရလဲတော့ ကျွန်တော်လည်း မသိဘူး။ ကျောင်းသားတွေပြောတာကတော့ သူတို့နဲ့လည်း မသိကြဘူး။ ရန်ငြိုးတွေလည်း မရှိဘူးလို့ပြောတယ်" ဟု ပြောသည်။

ဓားခုတ်ခံရသည့်ကျောင်းသားများသည် နယ်ဘက်မှ ဖြစ်ကြသည်ဟု သိရသည်။

သူတို့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်၊ ည ၁၀ နာရီကျော်က စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ BOS Bar တွင် မွေးနေ့ပွဲကျင်းပပြီး အဆောင်သို့ပြန်ရာ၌ အမည်မသိလူတစ်စုက ကားဖြင့်ရောက်လာကာ ကားပေါ်မှဆင်းပြီး ဓားရှည်ဖြင့် ဝိုင်းခုတ်ခြင်းကို ခံရခြင်းဖြစ်သည်ဟု သူက ဆိုသည်။

"အဲ့ဒီကျောင်းသားတွေက မွေးနေ့ပွဲနဲ့ အရက်တွေလည်း သောက်ထားတော့ ပြန်ခုခံဖို့မရဘဲ အုပ်စုဖွဲ့ဓားနဲ့ခုတ်တာခံရတယ်။ အနီးအနားကို အော်ဟစ်အကူအညီတောင်းလို့ လွတ်သွားကြတာလို့ပြောတယ်" ဟုပြောသည်။

ဓားဖြင့် အုပ်စုဖွဲ့ခုတ်ခံရသည့်အတွက် ကျောင်းသားများက အနီးအနားရှိ ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်း၍ ဓားဖြင့်လုပ်ကြံသူများမှာ ကားပေါ်သို့ပြန်တက်ကာ ထွက်ပြေးသွားကြသည်ဟု သိရသည်။

ကျောင်းသားများအား ဓားဖြင့်အုပ်စုဖွဲ့လာခုတ်သူများမှာ အသက် ၃ဝ ကျော်အရွယ်များဖြစ်ကြပြီး မျက်နှာစိမ်းများဖြစ်ကာ စုစုပေါင်း လူ ၂၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

သူတို့သည် မည်သည့်အဖွဲ့ကဖြစ်သည်ကိုလည်း ကျောင်းသားများက မသိရှိခဲ့ဟု ဆိုကြသည်။ 

 


ဆက်စပ် သတင်းများ