အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် ညဈေးတန်းတစ်ခုဖွင့်လှစ်မည်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သံပုရာသီးခွဆုံတွင် လာမည့်စက်တင်ဘာလ ၉ ရက်၌ သန့်ရှင်းသပ်ရပ်သည့် ညဈေးတန်းသစ်ဖွင့်လှစ်ရန်စီစဉ်နေသည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"
မြို့တော်စစ်တွေ သန့်ရှင်းသပ်ရပ်ပြီးတော့ မြို့တော်အင်္ဂါရပ်နဲ့ညီစေဖို့ ညဈေးတန်းသစ်ဖွင့်လှစ်ပေးသွားမှာပါ။ အမြန်ဆုံးဖြစ်အောင် စီစဉ်နေကြပါတယ်။ ပျံကျဈေးသည်တွေအတွက်လည်းအဆင်ပြေပြေနဲ့ စနစ်တကျရောင်းချနိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါညစျေးတန်းကို စစ်တွေမြို့မစျေးကြီးအနီး သံပုရာသီးလမ်းဆုံဟုလူသိများသော ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ရှိ မြေကွက်လပ်တွင် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်သည်။

ယင်းသို့ဖွင့်လှစ်နိုင်ရန် အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ ဆိုင်ခန်း ၁၉ ခန်းနှင့် အလျား ၇ ပေ၊ အနံ ၅ ပေရှိ ဆိုင်ခန်း ၆၄ ခန်း စုစုပေါင်း ဆိုင်ခန်း ၈၃ ခန်းစာကို မြို့နယ်စည်ပင်က မြေနေရာတိုင်းတာသတ်မှတ်နေပြီဟုလည်း သိရသည်။

အဆိုပါဆိုင်ခန်းများကို အခမဲ့ မဲစနစ်ဖြင့် မဲနှိုက်နေရာချပေးသွားမည်ဟုလည်း ဆိုသည်။

စစ်တွေမြို့တွင် ညစျေးတန်းတစ်ခု အမှန်တကယ်လိုအပ်နေချိန် ယခုကဲ့သို့ ဖွင့်လှစ်မည်ဆိုသည်မှာ ကောင်းမွန်သော အစီအစဉ်ဖြစ်ပြီး ရောင်းသူနှင့် ဝယ်ယူစားသုံးသူတို့မှာလည်း စနစ်တကျဖြင့် စည်းကမ်းရှိရန်လိုအပ်လှသည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"
ညဈေးတန်းရှိရင်တော့ ပိုကောင်းတာပေါ့။ အခြေခံလူတန်းစားတွေအတွက် အဆင်ပြေသွားမယ်။ ပျံကျဈေးသည်တွေအတွက်လည်း ပိုအဆင်ပြေတယ်။ အဓိကတော့ ရောင်းသူနဲ့စားသုံးသူတွေမှာ သန့်ရှင်းရေးနဲ့ အမှိုက်သေချာပစ်မယ့် စည်းကမ်းရှိဖို့တော့ လိုပါမယ်။ နောက်တစ်ခုက လုံခြုံမှုရှိဖို့အတွက် ဆိုင်ရာဆိုင်ရာက အာဏာရှိသူတွေ သေချာစောင့်ကြပ်ပေးဖို့လည်း လိုတယ်။ ကြိုဆိုပါတယ်။ စစ်တွေမှာက ညဈေးတန်းတစ်ခု ရှိသင့်တယ်။ လိုလည်း လိုအပ်နေတာလေ" ဟု ပြောသည်။

 

ယင်းညဈေးတန်းတွင် ဆိုင်ကယ်၊ ကားစသည့်ယာဉ်များရပ်နားရန်အတွက်လည်း နေရာများစီစဉ်ပြုလုပ်ပေးထားမည်ဖြစ်ပြီး နေရာကျဉ်းကျပ်ပါကာ အကောက်ခွန်ရုံးနားအထိ တိုးချဲ့နေရာချဖွင့်လှစ်ပေးသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

စစ်တွေကမ်းနားလမ်းတွင် အသုပ်ဆိုင်ရောင်းနေသည့် ဒေါ်မအေးဆန်းက "ညဈေးတန်းလုပ်ပေးမယ်ဆိုတော့ ကောင်းတာပေါ့။ မဟုတ်ရင် ကျွန်မတို့က ပြောင်းရရွေ့ရနဲ့အဆင်မပြေတာတွေရှိတာ။  မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အခုလို တရားဝင်ညဈေးတန်းလုပ်ပေးမယ်ဆိုတော့ ကျွန်မတို့လို ပျံကျဈေးသူတွေအဖို့ အဆင်ပြေမယ်လို့တော့ မျှော်လင့်ရတာပါပဲ" ဟု ပြောသည်။

စစ်တွေတွင် ၁၉၆၂ ခုနှစ်မတိုင်ခင်အထိ ယခုလက်ရှိ လမ်းမကြီးအနီးတဝိုက်တွင် ညစျေးတန်းတစ်ခုရှိခဲ့ဖူးသည်ဟုလည်း စစ်တွေမှ ရှေ့မီနောက်မီလူကြီးများက ပြောကြသည်။

ဆက်စပ် သတင်းများ