တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေတွင် ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသူ ရာနှင့်ချီရှိသည့် အရပ်သားများ အတွက် အမှုလိုက်ပေးမည့် ရှေ့နေမရှိဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၁၈ / ၂၀၂၄

ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံထားရသူများမှာ ရာနှင့်ချီ‌ရှိနေပြီး သူတို့အတွက် အမှုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများမရှိကြောင်း သိရှိရသည်။

စစ်တွေမြို့တွင် အမှုလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေအများစုမှာ ရန်ကုန်မြို့နှင့် လွတ်မြောက်နယ်မြေများတွင် စစ်ဘေးရှောင်နေကြပြီး လက်ရှိ တစ်မြို့လုံးတွင် အမှု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးရေ ၁၀ ကျော်ခန့်သာရှိသည်ဟု သိရှိရသည်။

ထို့အပြင် ယခင်က မတရားဖမ်းဆီးခံရသည့် အမှုများအား ငွေကြေးတစ်ပြားမှမယူဘဲ ကူညီဆောင်ရွက်ပေးခဲ့သည့် ရှေ့နေအဖွဲ့အစည်းများလည်း စစ်တွေမြို့တွင် မရှိသလို ရှိနေသည့် ရှေ့နေများမှာလည်း မိမိတို့ လုံခြုံရေးအတွက် ယခုအမှုများကို မလိုက်ရဲဖြစ်နေကြသည်ဟု နောက်ထပ်ရှေ့နေတစ်ဦးက ပြောသည်။

"အခမဲ့ လိုက်ပေးတဲ့ ရှေ့နေအဖွဲ့အစည်းတွေက စစ်တွေမှာ လုံးဝမရှိသလောက်ဖြစ်နေတယ်။ နောက်ပြီးတော့ အခု အနေအထားအရ ဒီအမှုတွေကို လိုက်တဲ့ ရှေ့နေတွေက နည်းတယ်။ မလိုက်ရဲကြဘူး။ စစ်ကောင်စီလက်‌အောက်ခံတွေရဲ့ စောင့်ကြည့်ခံရမှာကို စိုးရိမ်ကြတယ်" ဟု ပြောသည်။

စစ်တွေမြို့တွင် မင်းဂံရပ်ကွက်၊ အမြင့်ကျွန်းရွာနှင့် ဗျိုင်းဖြူရွာစသည့် နေရာများအပြင် စစ်တွေမြို့တွင်း ရပ်ကွက်အသီးသီးမှ ဖမ်းဆီးခံထားရသူ ရာနှင့်ချီရှိပြီး အများစုကို ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

၎င်းတို့အား အမှုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများမရှိသည့်အတွက် စစ်ကောင်စီ‌ လက်အောက်ခံများက အမှုကို ပုံမှန်စစ်ဆေးခြင်းမရှိဟုလည်း ဖမ်းဆီးတရားစွဲခံထားရသူ တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

"တစ်ပတ်ပြီး တစ်ပတ် ‌ရုံးထုတ်တယ်။ ဘာမှလည်း ထူးခြားတာမရှိဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ ထောင်ကနေပြီးတော့ အချုပ်ကားနဲ့ ထုတ်လာတယ်။ ပြီးတော့ ကားပေါ်က ချပြီးတော့ ရုံးအတက်ပြတဲ့ အခါလည်းပြတယ်။ လုံးဝ ကားပေါ်က မချဘဲနဲ့ ပြန်ပြီးတော့ ထောင်ကို ပို့တာတွေလည်း ရှိတယ်" ဟု ပြောသည်။

၎င်းတို့အား မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန်လည်း မိသားစုဝင်များက တောင်းဆိုကြသည်။

ထိုကဲ့သို့ ရှေ့နေများ မရှိသည့်အတွက် တရားစွဲဆိုခံထားရသူများမှာ သူတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကို မရရှိကြဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

" ဥပဒေကြောင်းအရ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ရှေ့နေဆိုတာလိုတယ်။ အများစု ပြည်သူတွေက ဥပဒေကြောင်း နားမလည်တော့ တောင်းဆိုဖို့မတတ်ကြဘူး။ ဒါပေမယ့် အခုက သူတို့အတွက်လိုက်ပေးမယ့် ရှေ့နေကလည်း မရှိဘူး။ ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ ရှေ့နေမရှိရင် ထောင်မကျသင့်ဘဲ ကျတာတွေ ရှိတယ်" ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပွား ပြီးနောက် စစ်တွေရှိ အပြစ်မဲ့ပြည်သူများကို စစ်တပ်က နေ့၊ ည အချိန်မရွေး ဝင်ရောက် ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုနေကြခြင်းဖြစ်သည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ