ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

ကုန်ထမ်းနေသည့် စစ်ရှောင်လူငယ် ၁ ဦး ကျောက်တော် ကုလားတန်မြစ်အတွင်း ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 826

ကုန်ထမ်းနေသည့် စစ်ရှောင်လူငယ် ၁ ဦး ကျောက်တော် ကုလားတန်မြစ်အတွင်း ရေနစ်သေဆုံး

 (ရေစီးနှင့်မျောပါသွားသည့်အလောင်းအား ရှာမတွေ့သေး)

 ဆလိုင်းမိုးအောင်

နိရဉ္စရာ၊ ဇူလိုင် ၂၉/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် ကုန်တင်ကုန်ချအလုပ်လုပ်ကိုင်နေသည့် စစ်ဘေးရှောင်လူငယ် ၁ ဦးသည် ရေနစ်သေဆုံးသွားသည်ဟု သိရသည်။

 ရေနစ်သေဆုံးသွားသည့် စစ်ဘေးရှောင်လူငယ်မှာ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာမှ ကျောက်တော်မြို့နယ်ရှိ နေပူခံစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်နေသည့် အသက် (၂၁)နှစ်အရွယ် မောင်မင်းဇော်လှိုင်ဖြစ်သည်ဟု သိရသည်။

 မောင်မင်းဇော်လှိုင်သည် ယမန်နေ့ ဇူလိုင်လ ၂၈ ရက်၊ ညနေ ၄ နာရီကျော်ခန့်က ကျောက်တော်မြို့ရှိ အိန္ဒိယဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေရာမှ ကုလားတန်မြစ်အတွင်းရပ်ထားသည့် ကုန်တင်စက်လှေဆီ ကုန်ချရန် ရေကူးသွားစဥ် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေစီးသန်နေ၍ ရေနှင့်မျောပါကာ နစ်မြုပ်သေဆုံးသွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

 "ရေကူးတတ်ပေမဲ့ ကုလားတန်မြစ်က မိုးရွာရင် ရေဝဲတွေနဲ့ ရေစီးအရမ်းသန်တော့ ရေနစ်သွားတာပါ"ဟု ပြောသည်။

 မျောပါသွားသည့်သူ၏ရုပ်အလောင်းအားလည်း ယနေ့ညနေပိုင်းအထိ ရှာဖွေမတွေ့သေးဟု သိရသည်။

 ရခိုင်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားနေသည့် နှစ်ဘက်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်သူဦးရေ ၃ သိန်းကျော်အထိရှိနေကြောင်း စာရင်းများအရ သိရသည်။

ယင်းအပြင် စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးခြင်း၊ ကူညီကယ်ဆယ်ရေးများမရရှိခြင်းတို့ကြောင့် စားဝတ်နေရေးနှင့် ကျန်းမာရေးအပြင် အဘက်ဘက်မှအခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရပြီး ကြုံရာကျပန်းများကို ဝင်ရောက်လုပ်ကိုင်နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်ကလည်း သံတွဲမြို့နယ်တွင် တောင်ကျချောင်း ရေစီးပြင်းထန်၍ ကျားအိုတံတားကျိုးကျရာတွင် စစ်ဘေးရှောင်ကလေးငယ်များအပါအဝင် ဒေသခံ ၇ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။

 ဓာတ်ပုံ - ကျောက်တော်ဆိပ်ကမ်းတစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းကတွေ့ရစဥ်။

ဆက်စပ် သတင်းများ