- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ညီနောင်သုံးဖွဲ့၏ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ ည ၁၁ နာရီ ၂၅ မိစန်အချိန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေး (၅၁) ရက်မြောက်နေ့ တိုက်ပွဲသတင်းများကို ထုတ်ပြန်ရာတွင် ပေါက်တောမြို့ တိုက်ပွဲဖြစ်စဉ် အပါအဝင် ဆမီးတိုက်ပွဲနှင့် အဖမ်းအဆီးသတင်းများကိုပါ ထည့်သွင်း ဖော်ပြထားသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ ကြား ဒီဇင်ဘာလ (၁၆) ရက်နေ့တွင်လည်း ယခင်ရက်များ နည်းတူ ပေါက်တောမြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီ၏ စစ်တွေ အခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်းမှလည်း ပေါက်တောမြို့အား လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ရှိ စစ်ကောင်စီ အခိုင်အမာစခန်းချထားသော “ဗျူဟာကုန်း” အား ဒီဇင်ဘာလ (၁၄) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်း ပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံစစ်သုံးခဲ့သောကြောင့် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဆမီး ဒေသခံများအားလုံးနီးပါးသည် တိမ်းရှောင်ထွက်ပြေးလျက် ရှိကြောင်း ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်း (၁၂:၀၀) ခန့်အချိန်တွင် စစ်ကောင်စီ လက်ကိုင်တုတ် အဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးတို့မှ စစ်တွေမြို့၊ နာဇီရပ်ကွက်နေ ဒေသခံ (၃) ဦးအား လက်နက် ခဲယမ်းအပြည့်အစုံဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
စစ်ကောင်စီ၏ စစ်ဘက်ရဲဘက်ဆိုင်ရာတပ်ဖွဲ့ဝင် (၁၅) ဦးခန့်သည် လူသူတိတ်ဆိတ်ချိန် ည ၁၁ နာရီ အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ ကွက်သစ်သို့ ကားကြီး (၁) စီး၊ အိမ်စီးကား (၁) စီးဖြင့် လာရောက်ကာ အဆိုပါရပ်ကွက်နေ ဒေသခံ (၂) ဦး၏ နေအိမ်သို့ ဝင်ရောက်ကာ အဓမ္မဖမ်းဆီး ငပလီ ခလရ (၅၅) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။