တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မောင်တော မြို့မကညင်တန်း BAJ ရုံးအနီးတွင် တိုက်ပွဲဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

( AA မှ နခခ(၅) နှင့် နခခ (၂) အား ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၁ ရက်/၂၀၂၄

မောင်တောမြို့တွင်းသို့ အာရက္ခတပ်တော် (AA) ထိုးဖောက်ဝင်ရောက်လာပြီး မြို့မ ကညင်တန်း BAJ ရုံးအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

မောင်တောမြို့မ ကညင်တန်းရပ်ကွက်မှ ဒေသခံမွတ်ဆလင်တဦးက "ညောင်းချောင်း‌ကထွက်‌ ပြေးလာကြတဲ့စစ်သားတွေက  မြို့မကညင်တန်းရပ်ကွက်က BAJ ရုံးတစ်ဝိုက်မှာတပ်စွဲပြီး အေအေရဲ့  ထိုးစစ်ကို ခုခံနေကြတယ်။ အေအေနဲ့ လက်ရှိ မြို့မကညင်တန်းရပ်ကွက်က BAJရုံး အနီးမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်”ဟု ပြောကြားသည်။

အာရက္ခတပ်တော် တပ်ဖွဲဝင်များသည်  ဇွန်လ ၂၀ ရက်နေ့က  ပန်းတောပြင်(မွတ်ဆလင်) ကျေးရွာဖက်မှ ဝင်ရောက်လာပြီး ညောင်းချောင်း(မွတ်ဆလင်)ကျေးရွာ၌ အထိုင်စခန်းချထားသည့် စစ်ကောင်စီ တပ်အား ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

၎င်းက “ ညောင်ချောင်းက စစ်ကောင်စီတပ်က အထိနာပြီး မြို့မကညင်တန်းရှိ BAJ ရုံးအပါအဝင် အနီးအနားမှာ စခန်းချတယ်။ အေအေက အခု အဲဒီနေရာကို ဝင်တိုက်တယ်။ အခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပါတယ်” ဟု ယနေ့ နံနက် ၁၀ နာရီက ပြောကြားသည်။



၎င်းပြင် AA သည် မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅)  အား ဝိုင်းရံ ပိတ်ဆို့ပြီး တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ 

“ အေအေက မြို့တွင်းသို့ဝင်ရောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသလို မြို့အဝင်မှာရှိတဲ့  နခခ(၅) ကိုလည်း ၀ိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေတယ်။ နခခ (၅) ကလည်း လက်နက်ကြီးတွေ အဆက် မပြတ်ပစ်ခတ်ပြီး ခုခံကာကွယ်နေတယ်။ ကညင်တန်းရပ်ကွက် အနီးလက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး လူအထိခိုက် ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်”ဟု ပြောကြားသည်။

အလားအတူ မောင်တော ၄ မိုင်အခြေစိုက် စစ်ကောင်စီ နခခ(၂)ကိုလည်း အာရက္ခတပ်တော် အေအေမှ ဝန်ရံပိတ်ဆို့ကာ ဗဟိုကင်းအပေါက် ပွင့်အောင်အထိ တိုက်ခိုက်ထားကာ စစ်ကောင်စီတပ်ဖွဲ့ အချို့မှာ   ၃ မိုင်ရှိ UNHCR ရုံးတောင်ကုန်းသို့ နောက်ဆုတ်နေရာယူကာ ခုခံနေကြကြောင်း ၄ မိုင်ဒေသခံများထံမှ တဆင့် သိရသည်။

၄ မိုင် ဒေသခံ တစ်ဦးက "နခခ(၂)ကို အေအေ က ထိုးစစ်ဆင်နေတာ‌တောကြာပြီ။ မနေ့က တပ်ရင်းရဲ့ ဗဟိုကင်းအပေါက်ပွင့် အောင်တိုက်ခိုက်ထားတယ်။ တပ်ရင်းကို တောင်ဖက်၊မြောက်ဖက်၊ အရှေ့ဖက်က အင်အား အလုံးအရင်းနဲ့ ဝိုင်းထားတယ်။ စစ်‌‌ကောင်စီတပ်သား အချို့ ၃ မိုင် UNHCR ရုံးတောင်ကုန်းဖက်ကို နောက်ဆုတ် ထွက်ပြေးတယ်လို့ သိရပါတယ်"ဟု ပြောဆိုသည်။

ပုံစာ- AA ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသော နခခ(၅)အားပန်းတောင်ပြင်တံတားအနီးမှတွေ့ရစဉ်။

ဆက်စပ် သတင်းများ