တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်မှ ကျေးရွာ ၄ ရွာကို စစ်ကောင်စီမှ ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၇ ရက်/ ၂၀၂၄

စစ်တွေမြို့ အရှေ့ဘက် မိုင် (၂၀) အကွာတွင်တည်ရှိသည့် ပေါက်တောမြို့နယ်မှ ကျေးရွာ ၄ ရွာကိုစစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု  သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၆ ရက်၊ ညနေ ၅ နာရီကျော်က ပေါက်တောမြို့နယ်မှ သဝင်ချောင်း၊ ပြိုင်းတောင်၊ သဲခုံ၊ မင်းတဲ စသည့်ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲချ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

သဝင်ချောင်းကျေးရွာသို့ စစ်ကောင်စီ၏ ဒရုန်းမှ ဗုံး ၅ လုံး ကြဲချပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ်တစ်ဆောင် အနည်းငယ်ထိခိုက်ပျက်စီးမှုရှိသည်ဟု ကျေးရွာသားတစ်ဦးက ဆိုသည်။

"ကျနော်တို့ရွာကို ဗုံး ၅ လုံးကြဲတယ်။ ရွာလယ်တံတားအနီးမှာ ၁ လုံးကျ‌တယ်။ နောက်တစ်လုံးကတော့ မြောက်ချောင်းဝစုရပ်ကွက်မှာကျလို့ နေအိမ်တစ်ဆောင် အနည်းငယ် ပျက်စီးသွားတယ်။ ကျန်တဲ့ သုံးလုံးကတော့ ချောင်းထဲကို ကျသွားတယ်။ အလိုလို လာပြီး လူနေကျေးရွာကို တိုက်ခိုက်တာ” ဟု ပြောသည်။

ထို့အတူ ပြိုင်းတောင်၊ သဲခုံ၊ မင်းတဲစသည့်ကျေးရွာများလည်း တိုက်ခိုက်ခံရပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

" ပြိုင်းတောင်ကျေးရွာကို ၁၀ လုံးကြဲချတယ်။ ပြီးတော့ မင်းတဲနဲ့ ‌သဲခုံကျေးရွာကို ၈ လုံးကြဲတယ်။ လူနေအိမ်တွေတော့ အနည်းငယ်ထိခိုက်သွားတာရှိတယ်။ ဒါပေမဲ့ လူတွေထိခိုက်တာတွေတော့ မရှိဘူး" ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၁၁ ရက်ကလည်း ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

စစ်ကောင်စီသည် စစ်‌ပွဲနှင့် သက်ဆိုင်ပတ်သက်ခြင်းမရပ်သည့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဒေသခံကျေးရွာသားများမှာ စိုးရိမ်ထိတ်လန့် နေကြရသည်ဟုဆိုသည်။

“စစ်တွေ တပ်ရင်းတွေက လွှတ်တင်လိုက်တဲ့ ဒရုန်းတွေပါ။ လူနေကျေးရွာတွေကို အေချမ်းစွာ နေထိုင်လို့ မရအောင် လုပ်နေတာပါ။  ကျွန်တော်တို့က တစ်ခုတောင်းဆိုချင်ပါတယ်။ စစ်တွေက အကြမ်းဖက် စစ်တပ် တပ်ရင်းတွေကို တပ်တော်က ဆုံးမဖို့လိုအပ်နေပြီလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့ကလည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမောင်းတောကျေးရွာမှ ရွာဦးဘုန်းတော်‌ကြီးကျောင်းနှင့် လူနေအိမ်နှစ်ဆောင်တို့မှာ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော်က သိမ်းပိုက်ထားသည့်  ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် မြို့နယ်များမှ  လူနေရပ်ကွက် ကျေးရွာများကို စစ်တွေမြို့ရှိ စစ်ကောင်စီ တပ်စခန်းများနှင့် ရေတပ်နေဗီများမှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည့်အတွက် ဒေသခံ အရပ်သားပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့် အဆို‌ပါမြို့နယ်များမှ ဒေသခံများမှာ လယ်ယာလုပ်ငန်းများနှင့် ရေလုပ်ငန်းများကို မလုပ်ကိုင်နေကြဟု ပြောဆိုကြသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် မြို့နယ်များသို့လည်း ဂျက်ဖိုက်တာ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေသည်ဟု သိရသည်။ (Photo internet)

ဆက်စပ် သတင်းများ