- Web Master
- ၁၅ အောက်တိုဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်နိုင်ငံလုံး ကုန်ထုတ်လုပ်မှု ပမာဏ (GPD)သည် ယခု ၂၀၂၃ခုနှစ်အကုန်တွင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅၇၇ ထရီလျံအထိ ရောက်ရှိလာမည်ဟု ကမ္ဘာ့စီးပွားရေးအစီရင်ခံစာ၌ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထုတ်ကုန်ပမာဏသည် အလျင်အမြန်တိုးတက်နေပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း တရားဝင်ရော၊ အတည်ပြုချက်မရှိသည့် စာရင်းများအရဆိုလျှင် ဘင်္ဂလားဒေ့ရှ်သည် အာရှပစိဖိတ် ဒေသတွင် အဆင့်(၁၀)ရှိ ဩစတြေးလျ၊ အဆင့်(၁၁)ရှိ ပါကစ္စတန်တို့၏ အထက်တွင် ရောက်ရှိနေပြီး ၂၀၂၃ နောက်ပိုင်းအထိ ဆက်လက်တိုးတက်တက်နေမည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာ့စီးပွားရေးအစီရင်ခံစာအရ ( ၂၀၂၀-၂၀၃၀) ဆယ်စုနှစ်တစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတန်ဖိုး ( GDP) သည် ပိုလန်၊ ထိုင်ဝမ် နှင့် ဗီယက်နမ်တို့ကို ကျော်လွန်သွားမည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် (၂၀၂၃ ဇွန်လအထိ) အာရှ ပစိဖိတ်ဒေသတွင် နိုင်ငံပေါင်း(၃၂)နိုင်ငံအနက် စီးပွားရေးတိုးတက်မှုအလျင်မြန်ဆုံးနိုင်ငံဖြစ်သည်ဟုလည်း ကမ္ဘာ့စီးပွားရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေးအစီရင်ခံစာ၏ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ် အစောပိုင်းက ခန့်မှန်းခဲ့သော ဘင်္ဂလားဒေ့ရှ်၏ ကုန်ထုတ်လုပ်မှုပမာဏသည် ၂၀၂၂ကုန်တွင် ဒေါ်လာ ၁ ဒဿမ ၀၇၄ ထရီလျံ ရှိမည်ဟုဆိုသည်။
၂၀၂၃ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ဘင်္ဂလားဒေ့ရှ်၏ GDP သည် ဒေါ်လာ ၁ ဒဿမ ၄၉၅ ထရီလျံရှိရာ မူလခန့်မှန်းထားသည်ထက် ၃၉% ပိုမို များပြားနေသည်ကို တွေ့ရှိရသည်။
ယခုထုတ်ပြန်လိုက်သည့် ခန့်မှန်းချက်များအရ ဘင်္ဂလားဒေ့ရှ်၏ ကုန်ထုတ်လုပ်မှုပမာဏသည် ကမ္ဘာပေါ်တွင် ၂၅ ခုမြောက်အကြီးဆုံးဖြစ်ပြီး အာရှ ပစိဖိတ်ဒေသတွင် ၉ ခုမြောက် အကြီးဆုံး ဖြစ်သည်ဟု သိရသည်။
၂၀၂၃ ခုနှစ်အတွက် ခန့်မှန်းထုတ်ပြန်သော အချက်အလက်များသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ တိုးတက်မှုအစီရင်ခံစာကို အခြေခံပြီး ကမ္ဘာစီးပွားရေး ကုန်ထုတ်လုပ်မှုပမာဏ(GDP) ကို တွက်ချက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
NN-27
Ref and photo dhakatribune