အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

AA အုပ်ချုပ်မှုအောက်ရှိ မြို့နယ်များတွင် ရခိုင်နှင့်မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုအကြား သဟဇာတဖြစ်မှုနှင့်အတူ အတူယှဉ်တွဲနေထိုင်မှု အခြေအနေများတိုးတက်ကောင်းမွန်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 6k

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ မေ ၁၀/ ၂၀၂၄

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/ AA)အုပ်ချုပ်မှုအောက်ရှိ ရခိုင်မှ မြို့နယ်များတွင် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုအကြား သဟဇာတဖြစ်မှု၊ ချစ်ကြည်ရင်းနှီးမှုများနှင့် အတူ အပြန်အလှန် ဆက်ဆံရေးမှာ ယခင်ကထက် တိုးတက်ကောင်းမွန်လာသည်ဟု သတင်းရရှိသည်။

ယခင်က စစ်ကောင်စီတပ်အုပ်ချုပ်မှုအောက်ရှိ ရခိုင်မြို့နယ်အများအပြားတွင် မွတ်ဆလင်များမှာ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်မရရှိခဲ့သလို လွတ်လပ်စွာ ပရိယေသန စီးပွားလုပ်ကိုင်ရှာဖွေခွင့်များ မရရှိခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှုအပိုင်းတွင် ခွဲခြားဆက်ဆံ ခံရမှုများ ရှိခဲ့သည်ဟု သိရသည်။  

လက်ရှိ အာရက္ခတပ်တော်(AA)မှ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံစသောမြို့များကို သိမ်းပိုက်ပြီးနောက် မွတ်ဆလင် ဒေသခံများအနေဖြင့် လွတ်လပ်စွာ သွားလာခွင့်ရရှိနေပြီဖြစ်သလို အတူ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အရေးများရရှိနေပြီဟု မွတ်ဆလင် ဒေသခံတစ်ဦးက ပြောသည်။

"အေအေက ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ကျွန်တော်တို့ မွတ်ဆလင်တွေ လွတ်လွတ်လပ်လပ် သွားလာလို့ရနေပါတယ်။ ဘယ်နေရာဖြစ်ဖြစ် အချိန်မရွေးဝင်ထွက်သွားလာလို့ရနေတယ်။ စစ်တပ်(စစ်ကောင်စီတပ်)က အုပ်ချုပ်တဲ့အချိန်ကဆို မြို့ထဲတောင် ဝင်ခွင့်မရခဲ့ပါဘူး။ ဆေးခန်းပြလို့တောင် မရတဲ့အခြေအနေတွေရှိခဲ့တယ်။ အခုက အရင်ကနဲ့မတူဘူး။ ကဏ္ဍပေါင်းစုံကနေ အဆင်ပြေနေတယ်" ဟု ပြောသည်။


လက်ရှိတွင် AA အုပ်ချုပ်မှုအောက်ရှိ မြို့နယ်များတွင် မွတ်ဆလင်များမှာ အများပြည်သူများ စုဝေး နေထိုင်ရာ လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များ၊ ဈေးများတွင် တစ်ဦးတစ်ယောက်ချင်း ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အပူအပင်ကင်းမဲ့စွာ သွားလာနေထိုင်နေကြပြီး ဈေးဝယ်ရောင်းချခြင်းနှင့် ငွေလွှဲ ငွေထုတ်လုပ်ငန်းများပါ ရခိုင်နှင့်မူဆလင်များအကျိုးတူပူးပေါင်း လုပ်ဆောင်လာနေသည်ဟု ၎င်းက ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ မွတ်ဆလင်များမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမူဆက်ဆံရေးစသည့် ကဏ္ဍမျိုးစုံတွင် ပိတ်ပင်ကန့်သတ်ခံခဲ့ရသော်လည်း ရခိုင်က မြို့နယ်အများအပြားကို အေအေက သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ်အစောပိုင်းမှစတင်ကာ အခြေအနေများမှာ တစထက်တစ တိုးတက်ကောင်းမွန်လာသည်ဟု ဒေသခံများက ပြောဆိုကြသည်။

အမည်မဖော်လိုသည့် ရခိုင်အမျိုးသားတစ်ဦးက " အေအေ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်က မူဆလင်တွေမှာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို မြင်နေရတယ်။ နေရာတိုင်းလိုလိုမှာ ရခိုင်နဲ့မူဆလင်တွေကြား သဟဇာတဖြစ်နေကြတယ်။ ဒါကလည်း လူတမျိုးနဲ့တမျိုးကြား ကောင်းတဲ့ဆက်ဆံရေး လက္ခဏာ တစ်ရပ်လို့မြင်တယ်။ ၂၀၁၂ နောက်ပိုင်းကနေ အဲ့ဒီလိုဆက်ဆံရေးမျိုးမရှိခဲ့ဘူး။ အခုတော့ လွတ်မြောက် နယ်မြေတွေမှာ သူတို့(မွတ်ဆလင်)လည်း လွတ်လပ်နေကြတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာရှိနေသေးတဲ့ မြို့နယ်တွေ တချို့မူဆလင်တွေကတော့ ရခိုင်အိမ်တွေကို မီးရှို့တာ၊ ဖျက်ဆီးတာ၊ ဆန္ဒပြတာတွေကို စစ်တပ်နဲ့ အတူ အတင်းစေခိုင်းလို့ လုပ်နေရတယ်ကြားရတယ် ။ အဲသလို အပြုအမှုတွေက ဒီကာလမျိုးမှာ မလုပ်သင့်တော့ပါဘူး။ ရပ်တန့်သင့်ပါတယ်။ ကျွန်တော်တို့ ဒီလို သတင်းတွေကြားရတော့ စိတ်မကောင်းဖြစ်ရပါတယ်" ဟု သူ၏ အမြင်ကိုပြောသည်။


စစ်ကောင်စီသည်  ၎င်း၏ အုပ်ချုပ်မှုအောက်၌ ရှိနေဆဲဖြစ်သည့် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်စေရန် မွတ်ဆလင်များအား စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများအပြင် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ၏ နေအိမ်များအား မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းများကို ပြုလုပ်နေကြောင်း သိရှိရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နှင့်အာရက္ခတပ်တော်၏ ညွှန်ကြားမှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ်များမီးရှို့ခံထားရသော်လည်း လက်တုံ့ပြန်ခြင်းကို မပြုလုပ်ကြသဖြင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခများမှ ရှောင်ရှားနိုင်ခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ရခိုင်နှင့် မူဆလင်များကြား လူမျိုးရေးအဓိကရုဏ်းကို ဦးတည်စေသည့် သွေးထိုးလှုံ့ဆော်မှုများကို လုပ်ဆောင်နေသည်ဟု သိရသည်။

ဘူးသီးတောင် ၆ ရပ်ကွက်မှ နေအိမ်မီးရှို့ခံထားရသူ ဒေါ်မအေးချေက "ကျမတို့ အိမ်တွေ မီးရှို့ခံရတော့ ရင်နာမိတယ်။  ဒါပေမယ့် ဒေါသစိတ်တွေနဲ့ တခုခု မလုပ်မိအောင် ပြဿနာတွေ ထပ်မဖြစ်ကြအောင် ကိုယ့်တပ်တော်က သတိပေးတာတွေ ရှိပါတယ်။ အရင်ကလို ပဋိပက္ခတွေ ဖြစ်အောင် ဖန်တီးနေကြတာဖြစ်လို့ ကိုယ့်လူ‌တွေဘက်က မွတ်ဆလင်အိမ်က ခြံတိုင် တစ်ချောင်းကိုတောင် သွားမချိုးကြပါဘူး"ဟု ပြောသည်။

(ဓာတ်ပုံ- အေအေထိန်းချုပ်ထားသည့် စျေးတစ်ခုတွင် မွတ်ဆလင်များ လွတ်လပ်စွာစျေးဝယ်နေကြစဉ်)

ဆက်စပ် သတင်းများ