- Web Master
- ၂၈ နိုဝင်ဘာ ၂၀၂၃
နိရဉ္စရာ၊ မေ ၂၆/၂၀၂၁
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ယာစ် အိန္ဒိယနိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်နေကြောင်း ယနေ့ မေလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီ အချိန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ၎င်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဘလာဆော (Balasore) မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်လျက်ရှိကြောင်း ဖော်ပြသည်။
“ယာစ် (YAAS)”သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၉၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၈၀)မိုင်နှုန်း ဖြစ်ပါသည်။
နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်မှာ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းမုန်တိုင်းအဖြစ် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြသည်။
မုန်တိုင်းအရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၄၈)နာရီအတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါကြောင်း၊ လှိုင်းအမြင့်မှာ (၁၃)ပေမှ (၁၅)ပေခန့်ရှိနိုင်ကြောင်း ဖော်ပြသည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်သည်ဟု ဆိုသည်။
ယာစ် (YAAS)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။