သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြန်မာကိုဖြတ်မည့် လေပွေလှိုင်း ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းအဖြစ် အားပြန်ကောင်းလာနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၄

တောင်တရုတ်ပင်လယ်တွင် ယခုဖြစ်ပေါ်နေသော လေပွေလှိုင်းသည် မြန်မာပြည်ကို ယခုရက်ပိုင်း အတွင်းဖြတ်ကျော်ဝင်ရောက်စဥ် ရခိုင်ကမ်းရိုးတန်းသို့ရောက်လာပါက မုန်တိုင်းအဖြစ် အားပြန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က နိရဥ္စရာကို ပြောသည်။

"မုန်တိုင်းအားကောင်းလာလို့ရှိရင်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လေပြင်းတိုက်မယ်၊ မိုးသည်းထန်မယ်။ နောက်ပြီးတော့ တောင်ကျရေဆင်းတာရှိမယ်။ မြေပြိုတာတွေရှိမယ်"ဟု ပြောသည်။

တောင်တရုတ်ပင်လယ်မှတဆင့် ဗီယက်နမ်ကမ်းခြေကိုဖြတ်ကာ လာအို၊ ထိုင်းနှင့် မြန်မာပြည်သို့ ဖြတ်ကျော်မည့်အဆိုပါလေပွေလှိုင်းနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်၊ ညနေပိုင်းတွင် နိရဥ္စရာ၏ သီးသန့်ဆက်သွယ်မေးမြန်းမှုကို ဦးဝင်းနိုင်က ဖြေဆိုသွားခြင်း ဖြစ်သည်။

အဆိုပါလေပွေလှိုင်းသည် မြန်မာပြည်ထဲကို စက်တင်ဘာ ၂၁ ရက်၊ ညနေ ၄ နာရီခန့်မှစတင် ဝင်ရောက်မည်ဖြစ်သည်။

ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့ကိုဖြတ်ပြီး အနောက်ဘက်သို့ ချိုးကွေ့ကာ စစ်တွေနှင့်မြေပုံအပေါ်မှနေ၍ ရခိုင်ပြည်ကိုဖြတ်ကျော်မည်ဟု ဦးဝင်းနိုင်က ဆိုသည်။

စက်တင်ဘာ ၂၂ ရက်၊ နံနက် ၅ နာရီခန့်မှ ရခိုင်ပြည်မှတဆင့် ဘင်္ဂလားပင်လယ်အော်ထဲကို ထွက်ခွာမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို အရင်စဝင်ကာ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ဆက်လက် ဝင်ရောက်မည်ဖြစ်သည်။

ယင်းနောက်မှ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တား၏အောက်ဘက်ရှိ ကမ်းခြေကိုဖြတ်ကာ ကုန်းတွင်းသို့ စက်တင်ဘာ ၂၃ ရက်၊ ည ၉ နာရီခန့်တွင် ဝင်ရောက် ပျက်ပြယ်သွားမည်ဟု ဦးဝင်းနိုင်က ပြောသည်။

ယခု မြန်မာပြည်ကိုဖြတ်ကျော်မည့်လေပွေလှိုင်းသည် မကြာသေးခင်က မြန်မာပြည်အတွင်း လူပေါင်းရာနှင့်ချီသေဆုံးခဲ့ရသည်အထိ အရှိန်သက်ရောက်ခဲ့သော ရာဂိမုန်တိုင်းထက် ပြင်းအား ၁၀ ပုံ ၁ ပုံသာရှိသည်ဟု ဦးဝင်းနိုင်က ပြောသည်။

"သူ့ရဲ့ (လေပွေလှိုင်း)လေတိုက်နှုန်းကလည်း တစ်နာရီမှာ ၃၈ မိုင်၊ ၄၀ အဲလောက်ပဲရှိတယ်။ တိုက်ဖွန်းမုန်တိုင်းအဆင့်တောင်မရောက်ဘူးပေါ့။ အပူပိုင်းမုန်တိုင်းအဆင့်တောင် ရောက်နိုင်ပါ့ မလားဆိုတာ စောင့်ကြည့်နေတုန်းပဲ"ဟု ပြောသည်။

အဆိုပါလေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက "အထူးမိုးလေဝသသတင်း" အဖြစ် စက်တင်ဘာ ၁၈ ရက်၊ ည ၈ နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုး/ဇလက ဆိုသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ရာဂိမုန်တိုင်းအရှိန်ကြောင့်လည်း စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၉ ခုမှ မြို့နယ်ပေါင်း ၆၀ ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်ပြီး ရေကြီးရေလျှံမှုကိုဖြစ်ပေါ်စေခဲ့သည်။

လူပေါင်း ၆ သိန်းကျော် ရေဘေးသင့်ပြီး အများအပြား ပျောက်ဆုံးကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့သည်ဟုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ အဆိုပါရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဦးဝင်းနိုင်

ဆက်စပ် သတင်းများ