အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရသေ့တောင် ကျောက်တန်းကလူငယ်တစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ လူငယ် နှစ်ဦးဒဏ်ရာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 710

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မေ ၁၆/ ၂၀၂၄

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှ လူငယ်တစ်ဦး မေလ ၁၅ ရက် နံနက် ၁၀ နာရီခန့်က စစ်ကျန်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ပြီး နောက်ထက် လူငယ်နှစ်ဦးလည်း ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်တန်းကျေးရွာမှ မောင်ခင်သန်း (၁၆)နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မောင်အောင်မိုးဦး (၁၈)နှစ်နှင့် မောင်စိုးတင်သန်း အသက်( ၁၆)နှစ်ဖြစ်သည်။

၄င်းတို့ ၃ ဦးသည် ကျောက်တန်းကျေးရွာမှ မေယူကမ်း ကံပြင်ကျေးရွာသို့သွားစဥ် ကံပြင် စာသင်ကျောင်းအနီးသို့ အရောက်တွင် မောင်ခင်သန်းမှာ စစ်ကောင်စီထောင်ထားသည့် စစ်ကျန် မိုင်းကိုနင်းမိ၍ ပေါက်ကွဲမှုဖြစ်ကာ ဘယ်ဖက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး ဆေးကုသမှုခံယူစဥ် သေဆုံးသွားခဲ့သည်ဟု ရသေ့တောင်ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

သူနှင့်အတူပါလာသည့် နောက်ထပ်နှစ်ဦးမှာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာ ရရှိသွားသည်ဟု ဆိုသည်။

“ သူတို့က ကျောက်တန်းကနေ အတူတူ လာကြတာ။ ကံပြင်ကျေးရွာအရောက်မှာ မိုင်းနင်းမိပြီး အခုလိုဖြစ်သွားတာပါ။ မိုင်းနင်းမိတဲ့သူက ချက်ချင်းတော့မသေဘူး။ ဆေးရုံရောက်မှ သေသွားတာ ။ သူရဲ့ ဘယ်ဖက်ခြေထောက်ပြတ်ပြီး ယောက်ျားအင်္ဂါတွေမှာ မိုင်းစတွေဝင်သွားတာ။ သွေးထွက်လွန်လို့ ဆေးကုသမှုခံနေတုန်းသေသွားတယ်” ဟုပြောသည်။

ယခုလို စစ်ပွဲမရှိသည့် အချိန်တွင် စစ်ကျန်မိုင်း ပေါက်ကွဲ၍ သေဆုံးသွားခဲ့ရမှုအပေါ် စိတ်မကောင်း ဖြစ်ရသည်ဟု ရသေ့တောင်ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ တိုက်ပွဲမရှိပြန်တော့လည်း မိုင်းအန္တရာယ်ကြောက်ရသေးတယ်။ လွတ်လွတ်လပ်လပ် စိတ်ချရတဲ့ နေရာမရှိသေးပါဘူး။ စာသင်ကျောင်းတွေနားမှာ မိုင်းထောင်တာ အန္တရာယ်များတယ်။ မိုင်းရှင်းလင်းမှုတွေလည်း လုပ်ပေးဖို့လိုအပ်တယ်။ အခုလို့ ဖြစ်သွားတာစိတ်တော့မကောင်းဘူး” ဟုပြောသည်။

ရခိုင်တွင် ယခုတကျော့ပြန်တိုက်ပွဲကာလ ၂၀၂၄ ခုနှစ် မတ်နှင့် ဧပြီ ( ၂) လအတွင်း မိုင်းပေါက်ကွဲ၍ အပြစ်မဲ့အရပ်သား ၄ ဦးသေဆုံးပြီး ခြေထောက်ပြတ်ထွက်သူ ၁၂ ဦးနှင့် အခြားဒဏ်ရာရသူ ၁၅ ဦးရှိသွားပြီဟု နိရဉ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က မြေမြုပ်မိုင်းကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိ‌ ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်ထိ မြေမြုပ်မိုင်း‌ နင်းမိ၍ သေဆုံးသူ ၇၆ ယောက်နှင့် ၂၀၂၃ ခုနှစ်တွင် ၈ယောက်ရှိကြောင်း  ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။ 

ဆက်စပ် သတင်းများ