- Web Master
- ၀၃ သြဂုတ် ၂၀၂၄
ထိုင်ဝမ် တောင်ပိုင်းတွင် ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းက ဂေါက်သီးစက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်သမား လေးဦးအပါအဝင် သေဆုံးသူ ၉ဦးထက်မနည်း ရှိသွားပြီဟု ဆိုသည်။
ဂေါက်သီးစက်ရုံ မီးလောင်မှုဖြစ်ပွားစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားသဖြင့် စက်ရုံအဆောက်အဦး ပြိုကျပြီး မီးသတ်သမားများ ပိတ်မိကာ သေဆုံးရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားသည်။
ထိုင်ဝမ်တောင်ပိုင်း ၊ ပင်တန်းဒေသရှိ ဂေါက်သီးစက်ရုံမှာ သောကြာနေ့ ညနေ ခြောက်နာရီက စ၍ တစ်ညလုံး မီးလောင်ကျွမ်းနေပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ရာ အများစုမှာ စက်ရုံဝန်ထမ်းများ ဖြစ်သည်ဟု ဆိုသည်။
ထိုင်ဝမ်ဗဟိုသတင်းဌာန၏ အဆိုအရ မီးလောင်မှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။
ဒေသခံသတင်းမီဒီယာသို့ မီးသတ်ဌာန၏ ပြောကြားချက်အရ စက်ရုံထဲတွင် ဓါတုဗေဒပစ္စည်းများ သိုလှောင်ထားပြီး သိုလှောင်ရုံ မီးလောင်ပေါက်ကွဲသည့်အတွက် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှု ပိုမိုများပြားရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဂေါက်သီးစက်ရုံကို ကမ္ဘာတွင် ဂေါက်သီး အဓိကထုတ်လုပ်တင်ပို့သည့် Launch Technologies က ပိုင်ဆိုင်သည်။ ၂၀၂၁ခုနှစ် စာရင်းများအရ ထိုင်ဝမ်သည် ကမ္ဘာပေါ်တွင် ဂေါက်သီးအများဆုံး ထုတ်လုပ် တင်ပို့သော နိုင်ငံဖြစ်သည်။
ထိုင်ဝမ်ရှိ ဂေါက်သီးစက်ရုံများက နာမည်ကျော် ဂေါက်သီးအမှတ်တံဆိပ်များဖြစ်သည့် Callaway, Taylormade, Bridgestone, Mizuno နှင့် Wilson တို့ကို ထုတ်လုပ်ကြသည်။
ထိုင်ဝမ် စတော့အိတ်ချိန်းစာရင်းဝင် Launch Technologies သည် ပြီးခဲ့သည့်နှစ်က ဂေါက်သီးလုံးရေ ၂၆၀ သန်း တင်ပို့ခဲ့ရာ ကမ္ဘာ့ဈေးကွက်၏ ငါးပုံ တစ်ပုံရှိသည်ဟု ဆိုသည်။
ထိုင်ဝမ် အလုပ်သမားဝန်ကြီးဌာနက မီးလောင်မှု နှင့် ပတ်သက်ပြီး Launch Technologies နှင့် မိခင်ကုမ္ပဏီတို့ကို လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။
NN-27
ref:cna