တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

သံတွဲမြို့မှ ရခိုင်တေးရေးဆရာ ကဗျာဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီဖမ်းဆီးထား ပြီး မိသားစုနှင့် အဆက်သွယ်မရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်တေးရေးဆရာ၊ ကဗျာဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရာ ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် မိသားစုနှင့် အဆက်သွယ် ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

တေးရေးဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ်ပိုင်းတွင် သံတွဲမြို့၊ အံတော်ရပ်ကွက်() လမ်းရှိ နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း  သိရသည်။

"ကားတစ်စီးနဲ့လာပြီးတော့ စစ်တပ်က အိမ်ထဲဝင်ပြီး ခေါ်သွားတာပါ။ အခုထိ သူ့ကိုဘယ်မှာထားတယ်။ ဘယ်မှာ ရှိတယ်ဆိုတာ မသိရသေးပါဘူး" ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

တေးရေးဆရာလူငြိမ်းခိုင်သည် အံတော်ရပ်ကွက်၊ လမ်းတွင် အသက်(၈၀)ကျော်အရွယ်မိခင်၊ ဆယ်တန်းကျောင်းသူ တူမဖြစ်သူတို့နှင့်အတူ နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

၄င်းအားလာရောက်ဖမ်းဆီးသည့်အချိန်တွင် စစ်ကောင်စီတပ်က နေအိမ်ထဲ ဝင်ရောက်ခွင့်တောင်းခဲ့ကြောင်း၊ ယင်းနောက် ၄င်း၏ဖုန်းကိုစစ်ဆေးခဲ့ပြီး လူကိုပါစစ်ဆေးမေးမြန်းစရာရှိသည်ဟုပြောကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"စစ်သားတွေက အိမ်ပေါ်ကို တက်ခွင့်တောင်းတယ်လို့ သိရတယ်။ ပြီးတော့ ဖုန်းကိုစစ်ဆေးရာ ရှိတယ်ဆိုပြီး ယူပြီးကြည့်တယ်။ အဲဒါပြီးတော့ လူကိုလည်းစစ်ဆေးရာရှိလို့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်လို့ သိရပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

တေးရေးဆရာလူငြိမ်းခိုင်သည် ရခိုင်စတူဒီယိုခေတ်ကပင် ပရိသတ်ရင်ထဲ စွဲငြိစေသော အောင်မြင်သည့် ရခိုင်တေးသီချင်းများစွာကိုရေးဖွဲ့ခဲ့သူတစ်ဦးဖြစ်သလို မော်ဒန်ကဗျာဆရာတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ရခိုင်အဆိုတော်ဝင်းကိုခိုင်၏ အောင်မြင်ကျော်ကြားခဲ့သည့် "အိမ်လွမ်းစိတ်နန့် ငါ့ပင်လယ်" တေးစီးရီးတွင် ပါဝင်သည့်တေးသီချင်းများကို ကိုတင်ထွဋ်၊ တေးရေး စန်းကို၊ လူငြိမ်းခိုင်နှင့် ဝင်းကိုခိုင်တို့က စုပေါင်း ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း စစ်ကောင်စီတပ်သည် သံတွဲမြို့မှ ထူးကဲလက်ဘက်ရည် ဆိုင်ပိုင်ရှင်၊ GTI ကျောင်းဆရာတစ်ဦးအပါအဝင် အမျိုးသား ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ (NN-23)

Photo - Lu Nyein Khine fb

ဆက်စပ် သတင်းများ