အောင်ဇံ
နိရဉ္စရာ၊
သြဂုတ် ၂၁/၂၀၂၁
ရက္ခိုင့်တပ်တော်(AA)
တပ်မှူးချုပ်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက်နေ့၌ ပြည်ပ အခြေစိုက် အာရက္ခမီဒီယာနှင့် အင်တာဗျူးအစီအစဥ်တွင် မူဆလင်ဘာသာဝင်များကို အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ရဲလုပ်ငန်းများတွင်
ပါဝင်လာနိုင်အောင် စီစဥ်နေကြောင်း ပြောကြားခဲ့သည်။ရက္ခိုင့်တပ်တော် တပ်မှူးချုပ်က
ယခုကဲ့သို့ ပြောဆိုလာခြင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း ရခိုင်နိုင်ငံ
ရေးခေါင်းဆောင် တစ်ဦးက ပထမဆုံးအကြိမ် မူဆလင်များနှင့်ပတ်သက်ပြီး ထူးခြားမှုရှိသည့်
အပြုသဘောဆောင် ပြောဆိုလာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့်
မူဆလင်ဘာသာဝင်များကြား ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များကြားတွင်
ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းများကြား
မယုံကြည်မှုများ ဖြစ်ပွားခဲ့သည်။ထို့ကြောင့်
ရက္ခိုင့်တပ်တော်၏ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးလုပ်ငန်းစဥ်များတွင် မူဆလင် ဘာသာဝင်များကိုပါ ထည့်သွင်းလာမည့်အပေါ်
ရခိုင်နှင့်မူဆလင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမြင်များကို နိရဉ္စရာသတင်းဌာနမှ သတင်းထောက် အောင်ဇံက မေးမြန်းတင်ပြထားပါသည်။
-------------
ဦးကျော်မင်း(ဥက္ကဋ္ဌ၊ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)
“ ပျက်အစဉ် ပြင်ခဏပါ။ လုပ်နိုင်ရင်
ကောင်းတာ ပေါ့။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတာပဲရှိသေး
တယ်။ အောက်က အဖွဲ့ဝင်တွေသဘောထားက တစ်မျိုး
ဖြစ်နိုင်တယ်လေ ။ မတူညီတဲ့ လူအဖွဲ့အစည်း နှစ်ခု
သမိုင်းမှာ အတူတကွ ရှိခဲ့တာကို အသိအမှတ်ပြုရင်၊ အနာဂတ်မှာ
တန်းတူညီမျှမှုရှိမယ်ဆိုရင် အားလုံး အဆင်ပြေသွားမယ်။ ပြီးတော့ ပိတ်မိနေသူ များ ကို
ထွက်ပေါက်ပေးသင့်တယ်လို့ ယူဆတယ်။ ဒီလို
အုပ်ချုပ်ရေးကိစ္စတွေမှာပါဝင်ဖို့ ပြောလာတာကို မူ
ဆလင်တွေကလက်ခံမယ်လို့ ယူဆပါတယ်။ မူဆလင် ခေါင်းဆောင်ပိုင်းက ဆော်သြပေးဖို့လည်း
လိုမယ်လို့ ထင်ပါတယ်။
--------------
ဦးဖေသန်း(နိုင်ငံရေးသမား/ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ကျွန်တော်တို့ ရခိုင်ပြည်နယ်
မှာ မူဆလင်တွေက ဒုတိယလူဦးရေအများဆုံးပေါ့။ ပြီးတော့ ရခိုင်နဲ့
မူဆလင်တွေကြားထဲမှာလည်း စိတ်ခံစားမှုတွေရှိတဲ့ လူမျိုးနှစ်မျိုးပေါ့။ အခုအချိန် ရခိုင်ပြည်နယ်မှာ
ရခိုင်နဲ့မူဆလင်တွေကြား ပြဿနာမဖြစ်ဖို့အရေးကြီးပါတယ်။
နောက်တချိန် ကိုယ့်လုပ်ပိုင်ခွင့်တွေ ရှိလာ၊ ရလာတဲ့အခါ
ကျွန်တော်တို့ ဖြေရှင်းလို့ရတဲ့အခြေအနေရှိတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတာက မူဆလင်တွေကို
ခွဲခြားပြီး၊ နှိပ်ကွက်ပြီးပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ ရခိုင်တွေနဲ့
တန်းတူရည်တူပဲ ရှိတယ်ဆိုတာကို ပုံဖော်ချင်လို့ ဖြစ်ပါတယ်။ နိုင်ငံသား အခွင့်အရေးတို့၊ တိုင်းရင်းသား တို့က ဒုတိယကဏ္ဍပေါ့။ ဒါပေမယ့်သူတို့ဟာ
ရခိုင်ပြည်ထဲမှာနေတဲ့ လူမျိုး တစ်မျိုးဖြစ်တဲ့ အတွက်နဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေမှာ
ရဲလုပ်ငန်းတွေမှာ ပါဝင်သင့်တယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်
မူဆလင်တွေကို ရခိုင်တွေက သွားပြီး အုပ်ချုပ်တဲ့အခါမှာ
မကျေနပ်မှုတွေဖြစ်နိုင်သလို ရခိုင်တွေကလည်း သူတို့ရွာတွေကို သွားအုပ်ချုပ်ရင် တော်တော်လေး
တာဝန်ကြီးပါတယ်။ မူဆလင်တွေကိုလည်း သူတို့ရွာတွေကို အုပ်ချုပ်နိုင်အောင်
ရဲလုပ်ငန်းတွေမှာ
ပါဝင်လာအောင် လုပ်ခြင်းအားဖြင့် ULAကလုပ်နေတဲ့
အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေ တရား စီရင်ရေးတွေ ပိုမိုလွယ်ကူလာမယ်ဆိုတဲ့ သဘောနဲ့
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒီလိုပြောဆိုတယ်လို့ ကျွန်တော်
သဘောပေါက်ပါတယ်။
-----------------------
ဦးအောင်ခင်(စစ်တွေ)၊
မူဆလင်သာသာပြန်စာရေးဆရာ
အခု ရက္ခိုင့်တပ်တော်ဗိုလ်ချုပ်က
ရခိုင်ဒေသက အုပ်ချုပ်ရေးပိုင်းနဲ့ ရဲလုပ်ငန်းတွေမှာ မူဆလင်တွေ ကိုလည်း နေရာပေးမယ်လို့ပြောလာတာက
ဒီနှစ်၅၀ ကျော်အတွင်းမှာ
ရခိုင်ဒေသမှာ ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခုဖြစ်တဲ့ အတွက်ကြောင့်
ကျနော်တို့ အများကြီးကျေးဇူးတင်ပါတယ် ။ရခိုင်ဒေသ ငြိမ်းချမ်းဖို့အတွက်ကြောင့်
နှစ်ဖက်လူ့အသိုင်းအဝိုင်း
နှစ်ခုဖြစ်တဲ့ ရခိုင်နဲ့
မူဆလင် သဟဇာတ ဖြစ်ဖို့အတွက်လည်း အများကြီးအကျိုးသက်ရောက်မှုရှိမယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီလို
အုပ်ချုပ်ရေးပိုင်းမှာတော့ မူဆလင်အုပ်စုထဲကလည်း မသမာတဲ့ လူပုဂ္ဂိုလ်တွေ ဝင်လာမှာကိုလည်း
သတိထားဖို့ လိုအပ်ပါတယ်။အထူးသဖြင့်
အန်ကယ်တို့ လိုလားတာကတော့ ရခိုင်နဲ့ မူဆလင် ချစ်ကြည်ရေးကိုလိုလားတဲ့
တကယ့်ရခိုင်မြေကို သစ္စာရှိတဲ့၊ အမုန်းတရားကိုမပြောကြတဲ့ မေတ္တာ တရားကို ပြောကြမယ့် မူဆလင်တွေ ဖြစ်ဖို့
လိုအပ်ပါတယ်။ ဒါပေမယ့် မူဆလင် လူထုကို ခေါင်းပုံဖြတ်ပြီးတော့ ခေါင်ဆောင်ဆိုပြီး
လူတန်းစားက ၂ မျိုးရှိတယ်။တစ်မျိုးက ဘာသာရေး အစွန်းရောက်ပြီး နိုင်ငံရေး၊ လူမှုရေး
ဘာမှနားမလည်တဲ့ မော်လဝီဆိုတဲ့ မူဆလင် ဘာသာရေး ခေါင်းဆောင်တွေကို
လုံးဝပါဝင်ခွင့်မပေးနဲ့။ နောက်တမျိုးက မူဆလင်တွေထဲမှာ
ရခိုင်ပြည်မှာ ရှိနေတာက
ပညာမတတ်ကြတာတွေများကြတယ်။ ခေါင်းဆောင်ဆိုတဲ့ ဟာလည်း မရှိဘူး။ ဒါတွေကို ကျွန်တော့ရဲ့" ရိုဟင်ဂျာရှင်းတမ်း''
စာအုပ်မှာ
အပြည့်အစုံရေးထားပါတယ်။ ဒါပေမယ့် မူဆလင် ပြည်သူတွေကတော့ ဒီလို ပါဝင်ခိုင်းတာကို
သေချာပေါက်လက်ခံမှာ။ ၉၅ ရာခိုင်နှုန်း အထိ လက်ခံကြမှာ
သေချာပါတယ်။
------------
စောစံငြိမ်းသူ(ဥက္ကဋ္ဌ၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့)
ကျွန်မတို့အမြင်အရဆိုလည်း
ဒီလိုလုပ်တာဟာ သင့်တင်လျောက်ပတ်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မူဆလင်တွေနဲ့ ရခိုင်တွေဟာ
တချိန်တခါက ချစ်ချစ်ခင်ခင်နဲ့
အကြာကြီးနေထိုင်လာကြသူတွေ ဖြစ်တယ်။ဒါပေမယ်လည်း၂၀၁၂ ကနေစပြီးတော့ ၂၀၁၇အထိ
ဖြစ်ခဲ့တဲ့ ပြဿနာတွေကလည်း ဒါကတကယ့် ဒီဒေသမှာ ရှိနေတဲ့ မူဆလင်တွေရဲ့ လှုံ့
ဆော်မှုတွေထက် ပြည်ပကနေလာတဲ့ ပရောဂ တွေကြောင့်ပဲ ဒီလိုမျိုးပြဿနာတွေ
ဖြစ်ခဲ့တယ်လို့ပဲ ကျွန်မတို့ယုံကြည်တယ်။ အဲ့ဒါကြောင့်မို့
ဒီမူဆလင်တွေနဲ့ ရခိုင်တွေကြားထဲမှာ ဒီလိုမျိုး ပြဿနာတွေ ထပ်ခါထပ်ခါ ဖြစ်နေဖို့ဆိုတဲ့ဟာထက်
တကယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတွေကို တည်ဆောက်ပြီးတော့
နေထိုင်သွားရမှာ တွေရှိတယ်ပေါ့လေ။ အဲ့အထဲမှာမှ တရားဝင်နိုင်ငံသားဖြစ်ခွင့်
ရှိတဲ့သူတွေ ရှိလာမယ်။ပြီးတော့ ယာယီနေထိုင်တဲ့သူတွေဆိုလို့ ရှိရင်လည်း
ဘယ်သူတွေက ဒုက္ခသည်တွေဖြစ်တယ် စသည်ဖြင့်ပေါ့။
အဲ့လိုနေရာချထားမှုတွေနဲ့ အဖြေရှာတဲ့ အစီအစဥ်တွေကိုလည်း လုပ်ကို လုပ်ရမှာ
ဖြစ်တယ်။
ဒါကြောင့်မို့
ကျွန်မတို့က ဖယ်ချန်ထားလို့မရဘူး။အတူတကွနေထိုင်လာတဲ့ လူအုပ်စုတစ်ခု ဖြစ်တယ်ဆိုတော့
ဒီလိုပါဝင်ဖို့ပြောလာတာဟာ သင့်တင့်လျောက်ပတ်တယ်လို့ မြင်တယ်။
------------------
ကိုမင်းဘာချေ(
ဥက္ကဌ၊ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများ-ကွန်ရက်)
ဒီလို အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ
မူဆလင်တွေပါ ထည့်သွင်းလာမယ့်အပေါ်မှာ မှတ်ချက်ပေးစရာတော့ သိပ်မရှိဘူး။ ဘာလို့မရှိဘူးလဲဆိုတော့ လူသားဖြစ်တည်မှုအပေါ်ကို
လက်ခံပြီးတော့ စဥ်စားကြတဲ့
အပိုင်းမှာရှိတာပေါ့။ ဆိုတော့ ရခိုင်ပြည်မှာရှိတဲ့
ပြည်သူတွေဟာ ရခိုင်ဖြစ်မယ်.
ရခိုင်မျိုးနွယ်စု တွေဖြစ်တဲ့ မြို၊သက်၊ခမီ၊ဒိုင်းနက်၊မရမာ၊ ကမန် တွေ
ဖြစ်ကောင်းဖြစ်မယ်။ အဲ့ဒါတွေအပြင်
ရခိုင်ပြည်မှာရှိနေကြတဲ့ မူဆလင် community အပိုင်းကလည်း ရှိကောင်းရှိမယ်။ဒါတွေ အကုန်လုံးဟာ
ကျွန်တော်တို့ ရခိုင်ပြည်မှာ ဒေသရဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ သဟဇာတ
ရှိရှိ နေထိုင်ဖို့ အရေး၊ ကျနော်တို့ရဲ့ အနာဂတ်သွားလို့အရေးတွေကို
ရှေ့ရှုပြီးတော့ ပြောတဲ့
လုပ်ဆောင်မှုတွေ ဖြစ်တယ်။
ဒါက လူသားဆန်တဲ့
စဥ်းစားမှု၊ တွေးခေါ်မှု လုပ်ဆောင်မှု ဖြစ်တဲ့အတွက်
ကျွန်တော်တို့ လက်ခံတယ်။ ဒါက အရမ်းကိုကောင်းတဲ့လုပ်ဆောင်မှုဖြစ်တယ်။ အားလုံး လက်ခံလို့ ရတဲ့
လုပ်ဆောင်မှုလို့ ကျနော်တို့ မြင်တယ်။ အတိုင်းအတာ တစ်ခုအထိတော့ မယုံကြည်မှုတွေ ရှိနေကြအုံးမှာပဲ။ ရခိုင်အသိုင်းအဝိုင်းရော
မူဆလင်အသိုင်းအဝိုင်းကြားထဲမှာ ဒါကပြောစရာမလိုဘူး။
ရခိုင်အသိုင်းအဝိုင်းမှာလည်း အဲသလိုပြဿနာ
တွေရှိနေတာပဲ။ မူဆလင်အသိုင်းအဝိုင်းမှာလည်း အဲ့လိုပြဿနာတွေ ရှိနေတာပဲလေ။ ရက္ခိုင့်တပ်တော်က
မူဆလင်တွေကို အုပ်ချုပ်ရေးပိုင်းမှာ ထည့်မယ်ဆိုတာကို
ကျွန်တော်တို့အနေနဲ့ မယုံကြည်နိုင်စရာ မရှိပါဘူး။
(ပြီး)