သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဆရာတော်အသျှင် ဥတ္တမနေ့အထိမ်းအမှတ် အမ်းတွင် သစ်ပင် ၈၄၀ စိုက်ပျိုး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 791

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဆရာတော်အသျှင်ဥတ္တမနေ့အထိမ်းအမှတ်အဖြစ် သစ်ပင် ၈၄၀ စိုက်ပျိုးနေသည်ဟု သိရသည်။

အဆိုပါသစ်ပင်များကို ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ကျရောက်သော ဆရာတော်၏ (၈၄)နှစ်မြောက်အထိမ်းအမှတ်နေ့ကို အစွဲပြုလျက် အာရှနေဝန်းဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတောထဲတွင် စိုက်ပျိုးနေခြင်းဖြစ်သည်ဟု ဦးဆောင်စိုက်ပျိုးသူ အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

"သစ်ပင်စိုက်တာက တခြားနေ့တွေမှာလည်း စိုက်ပျိုးပါတယ်။ ဒီနေ့ကတော့ ဆရာတော်နေ့ အထိမ်းအမှတ်အဖြစ်စိုက်ပျိုးတာပေါ့။ အခမ်းအနားလုပ်ဖို့က အဆင်မပြေတော့ သစ်ပင်စိုက်တဲ့ အထိမ်းအမှတ်လုပ်ဖြစ်တာပါ" ဟုပြောသည်။

ဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတောသည် အမ်းမြို့တောင်ဘက်တွင်ရှိပြီး ဧက ၂၀၀ ဝန်းကျင် ကျယ်ဝန်းသည့် ဒီရေတောတစ်ခုဖြစ်သည်။




ယင်းဘေးမဲ့ဒီရေတောကို ၂ဝ၂၁ ခုနှစ်အတွင်းကကျရောက်ခဲ့သော (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်တုန်းက ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယင်းအပြင် အဆိုပါဘေးမဲ့ဒီရေတောတွင် ကဏန်းနှင့် ငှက်မျိုးစိပ်တို့ကိုလည်း ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် ဘေးမဲ့လွှတ်ပေးမည်ဟု အမ်းမြို့ခံ ကိုမျိုးလွင်က ဆက်ပြောသည်။

"စိုက်ပျိုးတဲ့သစ်ပင်တွေက ဆရာတော်ရဲ့ဘေးမဲ့ဒီရေတောမှာ ကုက္ကိုပင်တွေနဲ့ တခြားအပင်တွေလည်းပါပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာလည်း စိုက်ပျိုးမှာပါ" ဟု ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း အမ်းမြို့နယ်ရှိ ကျောက်မြောင်းအုပ်စု၊ ပျဉ်းချောင်းတောင်ပေါ်ရှိ သစ်တောတို့တွင် သစ်ပင်အမျိုးအစားတစ်စုကို ၈၄ ပင်နှုန်းဖြင့် အမျိုးအစား ၆ မျိုး၊ စုစုပေါင်း  ၅၀၀ ကျော် စိုက်ပျိုးခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကျရောက်သည့် (၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်း အမှတ်တုန်းကလည်း အမ်းမြို့နယ်တွင် သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

ဓာတ်ပုံ - ကိုမျိုးလွင်

ဆက်စပ် သတင်းများ