သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

AA ထိုးစစ်ကြောင့် မောင်တောမြို့အား ပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်များ တစတစ မြို့ထဲဘက်သို့ ဆုတ်ခွာလာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

(နခခ(၅)မှ အရာရှိကြီးများအား ကမ်းထိုးရေယာဉ်များဖြင့် ကယ်ထုတ်ရန် စီစဉ်နေဟု သတင်းများ ထွက်ပေါ်နေ )

နောင်မင်းသူ၊ နိရဉ္စရာ၊ဇူလိုင် ၇ ရက်/၂၀၂၄

မောင်တောမြို့အား ပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော် ( AA) ၏ ထိုးစစ် အရှိန်ကို ခုခံကာကွယ်နိုင်ခြင်းမရှိဘဲ တစ်စတစ်စ မြို့ထဲဘက်သို့  ဆုတ်ခွာလာနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

ဒေသခံ တစ်ဦးက "ရွှေဇားရွာမှာ နေရာယူထားကြတဲ့ စစ်ကောင်စီ တပ်သားအချို့နဲ့ မွတ်ဆလင် စစ်သားတွေ မနေ့က တောဘာကား နှစ်စီးနဲ့ မြို့တွင်းကို ဖြတ်ပြီး‌ မောင်နီရွာဖက်ကို ဆင်းသွားကြတယ်။ အေအေ ထိုးစစ်က ရွှေဇား‌ကျေးရွာအုပ်စု အလယ်အထိ ရောက်လာနေတယ်လို့ သိရတယ်။ ဧတေလီယာ၊ လသာ ရွာတွေဖက်ကလည်း တပ်နောက်ဆုတ်လာလို့ ရပ်ကွက် (၄)အနီးကို ရောက်နေပြီလို့ သိရတယ်"ဟု ပြောကြားသည်။

ဆုတ်ခွာလာသည့်  စစ်ကောင်စီတပ်များအား AA မှ လိုက်လံ‌ချေမှုန်း တိုက်ခိုက်နေပြီး မောင်တော မြို့တွင်းရှိ‌‌ ဈေးဆိုင်၊ လဘက်ရည်ဆိုင်၊ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များအထိ သေနတ်ကျည်များ ထိမှန်မှု ရှိလာနေကြောင်း ဒေသခံများထံမှသိရသည်။


အာရက္ခတပ်တော် (AA) ၏ မောင်တောမြို့သိမ်း တိုက်ပွဲ ထိုးစစ်မှာ အထူး ပြင်းထန် လာ‌နေပြီး စစ်ကောင်စီတပ်များ အထိနာ နောက်ဆုတ်လာရသည့် အတွက် ဇူလိုင်လ ၆ ရက်နေ့၌ စစ်ကောင်စီက အသံထက် မြန်သည့် ဂျက်တိုက်လေယာဉ်များ အပါအဝင် တစ်ခြား လေယာဉ်များနှင့်ပါ မြို့ပတ်ဝန်းကျင်ရှိ နေရာအတော်များများ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

"ဒီနေ့အထိမြို့ထဲမှာတိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ တိုက်ပွဲကမြို့ထဲနဲ့ တစတစ နီးလာတယ်လို့ ပြောလို့ရတယ်။ နခခ(၅)နောက်ဆုတ်ဖို့ကမ်း ထိုးရေယာဉ်တွေ ရောက်နေတယ်လိုလည်း ပြောနေကြတယ်။ ဒါပေမယ့်  နခခ(၅)က တပ်နောက်ဆုတ်တာ အခုထိ မတွေ့ရသေးဘူး။လက်နက်ကြီး‌ တွေပစ်တုန်းပါ။ နတ်မြစ်မှာ စစ်နေဗီ ၂ စီးကတောအသင့်အနေအထားရှိတယ်။ စစ်ကောင်စီတပ် အများစုနဲ့ မွတ်ဆလင်စစ်သား‌တွေက‌တော့ ထွက်ပြေးလို့ ရတဲ့ လမ်းပေါက်တစ်ခုဖြစ်တဲ့ မောင်နီကျေးရွာအနီးက နတ်မြစ်ဝမှာ စုနေကြတယ်လို့တော့ သိရတယ်" ဟု  ဒေသခံမွတ်ဆလင်တဦးက ပြောဆိုသည်။

မောင်တောမြို့အဝင်/အထွက် လမ်းများရှိ မွတ်ဆလင်ကျေးရွာများ၌ ခြေကုတ်စခန်းများရယူ ပိတ်ဆို့ထားကြသည့် စစ်ကောင်စီတပ်များ နှင့် မွတ်ဆလင်စစ်သားများအား AAတပ်ဖွဲ့များက ဇူလှိုင်လ ၃ ရက် ညနေ ၃ နာရီကျော်မှစပြီး ယနေ့ အချိန်ထိ အပြင်အထန် ထိုးစစ်ဆင်တိုက်ခိုက် လျှက်ရှိ‌ကြကြောင်း ဒေသခံများထံမှ သိရသည်

ဆက်စပ် သတင်းများ