သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ရှိ ဘ-က ကျောင်းအချို့တွင် ငွေကြေးမတတ်နိုင်၍ ဆောက်လက်စ စာသင်ဆောင်များ ရပ်နားထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

ဆောင်းဇာခြည်၊ အောင်လင်းထွန်း
နိရဥ္စရာ၊ ဇွန် ၁၀/ ၂၀၂၁

ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘ-က) အချို့၌ မိုးရာသီအတွင်း ကျောင်းသား/သူများ စာသင်၍ အဆင်ပြေစေရန် ဆောက်လုပ်နေသော စာသင်ဆောင်များမှာ ငွေကြေးမတတ်နိုင်၍ ရပ်နားထားရကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်ရှိ ရတနာတေဇာရာမ ဘ-က ကျောင်းတွင် စစ်ဘေးရှောင်ကျောင်းသားများအပါအဝင် ကျောင်းသား/သူ စုစုပေါင်း ၁၅၀ ခန့်ရှိပြီး ကျောင်းသားများ မိုးရာသီတွင်း ကျောင်းတက်၍ အဆင်ပြေစေရန် ဆောက်လုပ်နေသည့် စာသင်ကျောင်းအဆောင်များမှာ အလှူရှင်များ လာရောက်လှူဒါန်းမှု ပြတ်လပ်နေသည့်အတွက် ကျောင်းသား/သူများအနေဖြင့် မြေကြီး၌ ကျပ်တည်းစွာ ထိုင်ကာ စာသင်ကြားနေကြရကြောင်း ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလက မိန့်သည်။
“ငွေကြေးအဆင်မပြေ။ အဆောက်အဦက လုပ်လက်စတွေလည်း ရှိတယ်။ အမိုးအကာတွေ လုပ်ပြီးပေမဲ့ ကွန်ကရစ်မခင်းရသေးတဲ့ စာသင်ကျောင်းအဆောင်တွေလည်း ရှိပါတယ်။ အဲဒါတွေက အခက်ခဲရှိတယ်ပေါ့။ မိုးရာသီဆိုတော့ အဲဒီနေရာမှာပဲ မြေပေါ်မှာထိုင်ပြီး ကျပ်ကျပ်တည်းတည်း သင်ကြားနေရတာပေါ့။ ဒီလိုမျိုး တခြား ဘ-က ကျောင်းတွေမှာလည်း အဆောင်တွေ လိုအပ်တာတွေ အများကြီးရှိပါတယ်။” ဟု မိန့်သည်။
၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နယ်မှအပ ကျန် ၁၆ မြို့နယ်တွင် ဘ-က ကျောင်း ထက်/လယ်/မူ စုစုပေါင်း ၇၉ ကျောင်းရှိပြီး ယင်း ၇၉ ကျောင်း၌ နှစ်စဉ် ကျောင်းသား/သူ တစ်သောင်းခွဲကျော် ပညာသင်ကြားလျက်ရှိကြောင်း ရခိုင်ပြည်နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ စစ်တွေမြို့ ရွှေစေတီဘ-ကကျောင်း ကျောင်းထိုင်ဆရာတော် အရှင် အရိယဝံသက မိန့်သည်။
ယင်းအထဲရှိ မြို့နယ်အချို့မှ ဘ-က ကျောင်းများ၌ ကျောင်းသား/သူများအတွက် အဆောင်သစ်များ ဆောက်လုပ်ရန်နှင့် အချို့မှာ စာသင်ဆောင်များ ဟောင်းနွမ်းနေပြီဖြစ်သည့်အတွက် ပြန်ပြုပြင်ရန် လိုအပ်နေသည်ဟုလည်း ဆရာတော်က ဆက်မိန့်သည်။
“ဘ-က ကျောင်းတွေမှာ စာသင်တဲ့အခါ မိုးလုံလေလုံ မသင်ရတဲ့ ကျောင်းတွေရှိတယ်။ အိမ်သာ မပြည့်စုံတဲ့ ကျောင်းတွေလည်း ရှိတယ်။ ကလေးတွေအတွက် ထမင်းစားသောက်ဆောင် မပြည့်စုံတာတွေလည်း ရှိတယ်။ ဘ-က ကျောင်းဆိုတာ ဆရာတော်တွေက ကိုယ့်အားနဲ့ကိုယ် သွားနေကြရတာဆိုတော့ မပြည့်စုံတာမျိုးတွေ အများကြီးပေါ့။” ဟု မိန့်သည်။
မြန်မာနိုင်ငံ၌ တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိသည့်အထဲတွင် ရခိုင်ပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်ထဲတွင် ပါဝင်နေပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာ မရှိခဲ့လျှင် ရခိုင်မှ ကျောင်းသား/သူ နှစ်စဉ် ပျမ်းမျှ တစ်သောင်းခွဲကျော်မှာ ငွေကြေးမတတ်နိုင်၍ ပညာသင်ခွင့်ဆုံးရှုံးနိုင်ကြောင်း အရှင် အရိယဝံသက မိန့်သည်။
“ကလေးတွေက မြို့ပေါ်မှာလာပြီး ပညာမသင်နိုင်ကြတော့ဘူး။ မြို့ဆင်ခြေဖုံးအရပ်က ဆင်းရဲတဲ့ မိဘပြည်သူတွေရဲ့ ကလေးတွေ ပညာမသင်နိုင်ကြတော့ ဒီကလေးတွေဟာ ပညာရေးကို ဆုံးခမ်းတိုင်အောင် သင်နိုင်တဲ့အနေအထားဆိုတာ မရှိတော့ဘူး။ ဆယ်တန်းတစ်ခုတက်ဖို့အတွက် အပြင်မှာ ပုဂ္ဂလိကကျောင်းတွေမှာ သိန်း သုံးလေးဆယ်လောက် ပေးရတယ်ဆိုတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူ့ရဲ့ အမေအဖေတွေဟာ ဒီကလေးတွေကို ပညာသင်နိုင်စရာအကြောင်းမရှိတော့ဘူး။ ဒီကလေးတွေဟာ ဘယ်လိုနည်းနဲ့မှ ပညာဆက်မသင်ကြားနိုင်ခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်မှာ တစ်နှစ်မှာ ကလေး တစ်သောင်းကျော်ဟာ ပညာသင်ခွင့်အခြေအနေ ဆုံးရှုံးသွားနိုင်တယ်လေ။”ဟု မိန့်သည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာလည်း နီးစပ်ရာ မြို့နယ်များအလိုက် ဘ-က ကျောင်းများတွင် ပညာသင်ကြားလျက်ရှိကြကြောင်း သိရသည်။
ဘ-ကကျောင်းများတွင် စာသင်ကြားသည့် မူလတန်းပြဆရာ/မတစ်ဦးစီအား ကျပ်ငွေ သုံးသောင်းရှစ်ထောင်၊ အလယ်တန်းပြ ဆရာ/မတစ်ဦးစီအား လေးသောင်းနှစ်ထောင်၊ အထက်တန်းပြ ဆရာ/မတစ်ဦးစီအား ငါးသောင်းတစ်ထောင်နှင့် ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်များကို အစိုးရက နှစ်စဉ်ထောက်ပံ့ပေးသော်လည်း အခြား ထောက်ပံ့ခြင်းမျိုးများ မရှိကြောင်း ဆရာတော် အရှင် အရိယဝံသက မိန့်သည်။
ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်း ပြဿနာနှင့် ပြည်သူများရင်ဆိုင်နေရ၍ သားသမီးများ၏ ပညာရေးအား ထဲထဲဝင်ဝင် မသင်ကြားနိုင်၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ဘ-ကကျောင်းများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ