သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်၍ အမျိုးသမီးငယ်တစ်ဦးသေ၊ မိခင်ဖြစ်သူ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိုင်းရှီကျေးရွာတွင် သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မိုးကြိုးပစ်ခံရ၍ အမျိုးသမီးငယ်တစ်ဦးသေဆုံးသွားပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရရသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ အမျိုးသမီးငယ်မှာ ကြိုင်းရှီကျေးရွာမှ မမလှဝင်း (၁၃)နှစ်ဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်မသိန်းဖြူ ဖြစ်သည်။ မိခင်ဖြစ်သူ  မျက်နှာပေါ်တွင် ဒဏ်ရာရသွား၍ ပေါက်တောဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“အိမ်မှာတော့ မဟုတ်ပါဘူး။ လယ်ကွင်းမှာ လယ်တဲရှိတယ်လေ။ အဲဒီတဲထဲမှာ အမေဖြစ်သူက ထမင်းချက်နေတယ်။ သေသွားတဲ့ ကလေးမလေးက သူ့အဖေနဲ့ တဲထဲမှာပဲ အတူရှိနေတယ်။ မိုးလည်းမရွာဘူး။ လေပြင်းလည်း မတိုက်ဘူး။ မိုးကြိုးက ဒီအတိုင်းပစ်လိုက်တာ”ဟု ဆွေမျိုးတော်စပ်သူ ဒေါ်စောသိင်္ဂီအေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရသွားသည့် ဒေါ်မသိန်းဖြူ၏ မျက်နှာသည် ပုံမှန်အတိုင်းပြန်မဖြစ်နိုင်တော့ကြောင်းလည်း သူမက ပြောသည်။
“ဖြစ်ချင်တော့ အဖေက ဘာမှမဖြစ်လိုက်ဘူး။ ထမင်းချက်နေတဲ့ သူ့အမေကို သွားထိတယ်။ သေသွားတဲ့ ကလေးမလေးရဲ့ ညာဘက်တစ်ခြမ်းက မိုးကြိုးပစ်လိုက်တာကြောင့် မဲတူးသွားပါတယ်။ သူ့အမေကတော့ မျက်နှာပေါ်က ပါးပြင်မှာ ဒဏ်ရာရသွားတယ်။ မျက်နှာတစ်ခြမ်းက ပုံမှန်အတိုင်းတော့ ပြန်ဖြစ်မယ် မထင်တော့ပါဘူး”ဟု သူမက ဆက်ပြောသည်။

လက်ရှိတွင် သေဆုံးသွားသည့်အမျိုးသမီးငယ်၏ အလောင်းမှာ ပေါက်တောဆေးရုံ၌ရှိပြီး ယနေ့  နေ့လယ်  ၁၂ နာရီခန့်တွင် ပေါက်တောသင်္ချိိုင်း၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံတွင် သဘာဝဘေးအန္တာရာယ်ဖြစ်သည့် မိုးကြိုးပစ်၍ သေဆုံးသွားသူတစ်ဦးစီကို ငွေ သုံးသိန်းကျပ် နိုင်ငံတော်က ထောက်ပံ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ