- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၄
သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၁/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်အုပ်စု၊ ဗန်းဗွီးကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုနှင့် အတူ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
မြိုတိုင်းရင်းသားကျေးရွာ တစ်ရွာဖြစ်သည့် ဗန်းဗွီးကျေးရွာအရှေ့ဘက် စစ်တွေ- ရန်ကုန် ကားလမ်းဘေးတွင် မိုင်းတစ်လုံးပေါက်ကွဲပြီးနောက် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗန်းဗွီးကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
“မွန်းလွဲ ၁ နာရီခွဲလောက်က မိုင်းတစ်လုံး ပေါက်သံကြားပါတယ်။ ပေါက်သံကြားတဲ့နေရာက ကျနော်တို့ရွာနဲ့ ပေတရာလောက်ပဲရှိမယ်။ အဲ့ဒီပေါက်တဲ့နေရာ နားမှာ ကျနော်တို့ရေချိုးနေကျ စမ်းချောင်းရှိတယ်။ ကားလမ်းမကြီးဘေးပေါ့။ အဲဒီနားမှာ ဒီနေ့ ညနေ ၃နာရီလောက်က ၁၅ မိနစ်လောက်အပြန်အလှန် တိုက်ပွဲဖြစ်တဲ့ အသံတွေကြားရတယ်” ဟု ၎င်းက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမောင်ကလည်း မိုင်းပေါက်ကွဲပြီး ထိုနေရာတွင် မြန်မာ့တပ်တော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲအပြန်အလှန် ဖြစ်ပွားခဲ့သည်ဟု ပြောသည်။
“ကျနော်ကို ရွာသားတစ်ယောက်သတင်းပို့တာက ရွာနားမှာ ဂျိမ်း နဲ့ ပေါက်ကွဲသံတစ်ခုကြားတယ်။ ကြားပြီးတာနဲ့ လက်နက်ငယ်အသံတွေ ၃ မိနစ်လောက်ကြားတယ်။ ပီးရင် ရပ်သွားတယ်လို့ ရွာသားတွေကပြောတယ်။ ကျနော်ကလည်းအဲ့ဒီလောက်ဘဲ သိရသေးတယ်။ အတိကျတော့ မသိရသေးဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမောင်က ပြောသည်။
ထိုသို့ မိုင်းပေါက်ကွဲပြီးနောက် ဗန်းဗွီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း ရှိ/မရှိ စုံစမ်းမေးမြန်းရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမြန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ရာ ဆက်သွယ်မှု မရရှိခဲ့ပါ။
ရက္ခိုင့်တပ်တော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား နိရဥ္စရာ သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းရိန်းသော်လည်း တစုံတရာ လက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။