- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ်၈/ ၂ဝ၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်းရွာအနီးတွင် ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရေပုတ်ကျေးရွာမှ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ခြေသလုံး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သလို စစ်တပ်မှ ထိန်းသိမ်းခဲ့သည့် ကျောက်တန်းရွာသား ၂ ဦးလည်း နောက်ပိုင်းတွင် ပြန်လည် လွှတ်မြောက်လာခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
လက်နက်ကြီးကျည်စ ထိမှန်ခဲ့သူ အမျိုးသမီးမှာ ရေပုတ်ကျေးရွာမှ ဦးအောင်ကျော်သိန်း၏ ဇနီး ဒေါ်အိမ်စိုးမယ် (၆၃) နှစ် ဖြစ်ကြောင်း သိရှိရသည်။
ဒေါ်အိမ်စိုးမယ်က “ ကျမ လက်နက်သံ ပေါက်သံတွေကြားတော့ တဲကနေ ရွာကို ပြေးပါတယ်။ လမ်းတဝက်လောက်မှာ ကျမရဲ့ ဘယ်ဘက် ခြေသလုံးကို လေးဂွနဲ့ ပစ်သလို ဒုန်းကနဲဆိုပြီး လာထိပါတယ်။ အဲဒီနေရာ အမဲကွက်ကြီး ပေါ်နေပါတယ်။ သွေးထွက်တာတော့ မရှိဘူး။ ဒါပေမယ့် ခြေထောက်တစ်ခုလုံး နာကျင်နေပါတယ်။ လက်နဲ့ လုံးဝ မကိုင်နိုင်ဘဲ ရောင်ကိုင်းနေပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းအနေဖြင့် ဒဏ်ရာကို ဆရာဝန်ရှိရာ ရသေ့တောင်သို့ သွားရောက်ပြသသွားမည်ဟု ဆိုသည်။
ကျောက်တန်းကျေးရွာမှ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူ နှစ်ဦးမှာ ဦးမောင်ယောင်း (၅၉) နှစ်နှင့် ဦးနီရွှေမောင် (၅၂) နှစ်တို့ ဖြစ်ကြောင်း သိရသည်။
“ သူတို့နှစ်ဦးက ထွက်မပြေးဘဲ ရွာမှာကျန်နေခဲ့ကြတဲ့သူတွေပါ။ စစ်တပ် ရွာထဲ ဝင်လာတဲ့ အချိန်မှာတွေ့တဲ့ အတွက် ဖမ်းသွားတာပါ။ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ကျောက်တန်းရွာသား တစ်ဦးက ပြောသည်။
အဆိုပါ ကျောက်တန်းရွာအနီးတွင် AA နှင့် တိုက်ပွဲ ဖြစ်ပွားသော စစ်ကြောင်းသည် ကျောက်တန်းမှ တစ်ဆင့် ထီးစွဲ၊ ထီးစွဲရွာမှ တစ်ဆင့် ရေတပ်ဇက်သင်္ဘောဖြင့် တစ်ခြားရေတပ် သင်္ဘော တစ်စီးနှင့်အတူ သမီးလှ ရွာဟောင်းဘက်သို့ သေနတ်များ ပစ်ဖောက်ကာ ထွက်ခွာသွားသည်ဟု မျက်မြင် ဒေသခံများက ပြောကြားသည်။
ကျောက်တန်းရွာသို့ ဝင်ရောက်လာစဉ်မှာလည်း တပ်မတော်စစ်ကြောင်းမှ သေနတ်များ ပစ်ခတ်ဝင်လာသဖြင့် ရွာသားများ အားလုံးသည် ကြောက်လန့်ပြီး ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ထွက်ပြေးလာသူ ကျောက်တန်းရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။