- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၄
သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၁၇/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအတွင်း စစ်တပ်မှ နေအိမ်များအား ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က ကျေးရွာအတွင်း စစ်တပ်ဝင်ရောက်လာကာ ဆန်စက်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများတွင် တည်းခိုနေကြပြီး နေအိမ်များအား စစ်ဆေးမှုများရှိကြောင်း ပြိန်းတောကျေးရွာမှ ဒေါ်မစံနုက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ရွာကို စစ်တပ်ကရောက်နေတာ ၅ ရက်လောက်ရှိနေပြီ။ နေအိမ်တွေကိုတော့ ရှာဖွေခွင့် တောင်းပါတယ်။ ကျမတို့အိမ်ကိုရောက်လာတဲ့ အချိန်မှာ သူတို့ကပြောတာက မူယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို ရှာတာပါ အဖွား လို့ပြောပါတယ်။ ရွာထဲကနေ တစ်ခုမှ ရှာဖွေ ရရှိတာတော့ မကြားပါဘူး” ဟု ဒေါ်မစံနုက ပြောသည်။
နေအိမ်များအား စစ်တပ်က ဝင်ရောက် ရှာဖွေမှုများရှိသော်လည်း အထက်က ပေးအပ်သည့် တာဝန်အရ စစ်ဆေးရခြင်းဖြစ်သည်ဟု ပြောကြောင်း၊ စစ်ဆေးရန် ခွင့်တောင်းပြီးမှ စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ စစ်ဆေးမှုများပြုလုပ်ရာတွင်လည်း ကြမ်းတမ်းသည့် အပြုအမှုများ မပြုလုပ်သည့် အတွက် ရွာသားများကလည်း စစ်ဆေးမှုကို ကျေကျေနပ်နပ် လက်ခံကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။
“ကျနော်တို့ရွာက မိန်းမ တစ်ယောက် ပြောတာက သူတို့ နေအိမ်တွေကို ရှာဖွေ စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း သေတ္တာတွေကို အစုံအလင်ဖွင့်ပြပေးစရာမလို့ ပြောပါတယ်။ အဓိက သူတို့ ရှာဖွေတာက မူယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ ရှိလားဆိုပြီးမေးတယ်လို့ ပြောပါတယ်။ အိ်မ်သားတွေရဲ့ရှေ့က နည်းနည်းရှာဖွေ စစ်ဆေးခွင့်ပြုပါဆိုပြီး ခွင့်တောင်းတယ်လို့ပြောပါတယ်” ဟု ပြိန်းတော ကျေးရွာသားတစ်ဦး ကပြောသည်။
ပြိန်းတောရွာတွင် စစ်တပ် ဝင်လာကတည်းက ယောကျ်ားများမှ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလျှက်ရှိနေသည့် ကာလအတွင်း ရခိုင်ပြည်နယ်၌ ကျေးရွာအချို့အား တာဝန်ရှိသူများက အိမ်ထောင်စု စရင်း စစ်ဆေးခြင်း၊ မူယစ်ဆေးဝါး ရှိ/ မရှိ စစ်ဆေးခြင်း၊ အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိ/မရှိ စစ်ဆေးမှုများလည်း ရှိနေကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။