- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၈/၂ဝ၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စပ်၊ တောင်ပြိုလက်ဝဲ၊ သာယာကုန်းကင်းစခန်းတွင် အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီခွဲက တပ်သားတစ်ဦးမှ လက်ပစ်ဗုံးခွဲလိုက်သဖြင့် ၎င်းတပ်သားမှာ သေဆုံးသွားပြီး ကင်းစခန်းမှူးနှင့် တစ်ခြားအဆင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးတို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ တပ်သား အောင်မြင့်ထွန်းဖြစ်ပြီး ဒဏ်ရာရသွားသူနှစ်ဦးမှာ ဒုရဲအုပ် ကျော်နိုင်လင်းနှင့် တပ်ကြပ်ဆန်းဟုန်းတို့ ဖြစ်ကြောင်းသိရသည်။
တပ်သား အောင်မြင့်ထွန်းသည် အထက်အရာရှိနှင့်စကားများရာမှ ၎င်းကိုင်ဆောင်ထားသော လက်ပစ်ဗုံးကို ဖေါက်ခွဲရာမှ ပေါက်ကွဲပြီး ၎င်းနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု အမည်မဖော်လို သူနယ်ခြားစောင့် တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
ဒုရဲအုပ် ကျော်နိုင်လင်းတွင် ညာဖက် နို့အုံအောက်နှင့် တပ်ကြပ်ဆန်းဟုန်းတွင် ညာဖက် ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
ယခုအခါ ဒဏ်ရာရရှိသွားသူများကို ဆေးကုသမှုခံယူရန် ဆေးရုံကို ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။
တောင်ပြိုလက်ဝဲသို့ ဆက်သွယ်ရာ ဒေသခံ အမျိုးသမီး တစ်ဦးမှ တပ်သားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း၊ ဖြစ်စဉ် အသေးစိတ်ကို မိမိတို့ မသိရှိကြောင်း ပြောကြားသည်။