တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ဖားပြိုအနီး တိုက်ပွဲဖြစ်နေ၍ စစ်တွေ-ရန်ကုန်ကားအသွားအလာများ ရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၂၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက် မိုင်ဝက်ခန့်အကွာ ဖားပြိုကျေးရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်မှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသဖြင့်စစ်တွေ-ရန်ကုန်ကားအသွားအလာများ ရပ်ဆိုင်းနေပြီး ခရီးသည်တင်ကားများနှင့် ကုန်တင်ကားအများအပြားပိတ်မိနေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲမှာ  ဖားပြိုရွာ၏ အရှေ့ဘက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား ယနေ့ နံနက် ၁၁ နာရီခွဲအချိန်မှ ညနေ ၃ နာရီကျော်အထိ တိုက်ပွဲ ဖြစ်ပွားနေပြီး ပစ်ခတ်သံများကို ညနေထိ ဆက်တိုက် ကြားနေရကြောင်း ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့၊ တိုးရတနာကားဂိတ်မှ ဂိတ်မှူးကိုကျော်ဆန်းဝင်းက “ နှစ်ဖက်တိုက်ပွဲ ဖြစ်တာလား၊ တစ်ဖက်တည်းက ပစ်နေတာလားဆိုတာကို ကျနော်တို့လည်း မပြောတတ်ဘူး။ အခုချိန်ထိတော့ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရသေးတယ်။ ကားတွေလည်း သွားလို့မရဘူး။ ရာမောင်တံတားနားမှာ ရပ်ထားရတယ်။ ဒီညလည်း သွားဖြစ်မှာလား။ မသွားဖြစ်ဘူးလားဆိုတာ မသေချာသေးဘူး။ ဒီညမသွားဖြစ်ဘူးဆိုရင်လည်း ခရီးသည်တွေ စားဖို့သောက်ဖို့အအခက်အခဲ ဖြစ်နိုင်တယ်။ ဒီအတွက် တစ်ခုခုတော့ ကျနော်တို့ စီစဉ်သွားဖို့ ပြင်ဆင်နေပါ” ဟု ယနေ့ ညနေ ၃ နာရီခွဲက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အမည်မဖော်လိုသော ဒေသခံအမျိုးသမီးတစ်ဦးက “ ၁၁ နာရီခွဲလောက်ကနေ စဖြစ်တာ အခုအချိန်ထိ တိုက်ပွဲကဖြစ်နေတုန်း။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်။ ကားတွေလည်း သွားလာလို့မရဘူး။ အကုန်ရပ်ထားရတယ်။ စစ်တွေဘက်က လာတဲ့ကားတွေဆိုရင် ရာမောင်တံတားနားမှာ ရပ်ထားရတယ်။ ရန်ကုန်ဖက်ကလာတဲ့ ကားတွေဆိုရင်လည်း ဒီဘက်ကိုဖြတ်လာလို့ မရဘူး။ ဖားပြိုရွာနား မရောက်ခင် ရပ်ထားရတယ်” ဟု ပြောသည်။

လက်ရှိတွင် ကားများမှာ စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ရာနှင့်ချီပြီး ပိတ်မိနေပြီး အထူးသဖြင့် ကုန်စိမ်းများတင်ဆောင်လာသော ကားများထိခိုက်မှုများရှိနေသည်ဟု ဆိုသည်။ 

စစ်တွေမြို့ ကေသီဦးကုန်ပို့ဆောင်ရေး မန်နေဂျာ ဦးမောင်ဝင်းချေက “ ဇူလိုင် ၂ဝ ရက်နေ့ည ၉ နာရီမှာ ချင်းဖားပြိုရွာနဲ့ မေလွမ်းကြားမှာ ဖြစ်တယ်။ မနေ့က မနက်မှာ ကားတွေပိတ်သွားတယ်။ မနေ့က နေ့လယ်ပိုင်းမှာ ပြန်ပွင့်တယ်။ ဒီကနေ့ မနက်ကထိ ကားတွေသွားလာလို့ ရခဲ့သေးတယ်။ ဒီနေ့ မနက် ၁၁ နာရီလောက်က ပြန်ပိတ်သွားတယ်။ အခုအချိန်ထိ ပိတ်နေတယ်လို့ သိရပါတယ်” ဟု ယနေ့ ညနေ ၃ နာရီ ၁၅မိနစ်က ပြောကြားသည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။


ဆက်စပ် သတင်းများ