တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် ညမထွက်ရအမိန့် နောက်ထပ်နှစ်လထပ်တိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂/ ၂ဝ၂၁
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂ ရက်နေ့မှစ၍ ညနေ ၉ နာရီမှ နံနက် ၅ နာရီအထိ နှစ်လတိတိ ညမထွက်ရ အမိန့်တိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ညမထွက်ရ အမိန့်ကို အသံချဲ့စက်ဖြင့် မြို့ကိုပတ်၍ ကြေညာခဲ့သည်ဟု အမ်းမြို့နယ် လူမှုရေး လှုပ်ရှားသူ ကိုမျိုးလွင်က နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ ဘာအတွက်ကြောင့် ထုတ်တာလဲ မသိဘူး။ မိုးကလည်း ရွာနေတော့ ကျေညာတာကို သိပ်သေးသေးကွဲကွဲ မကြားရဘူး။ ညမထွက်ရအမိန့်ထုတ်တယ်လို့တော့ကြားလိုက်ပါတယ်။ အရင်ကလိုပဲ လုံခြုံရေးအရ ထုတ်တယ်လို့ပဲ ပြောမှာပါ။ အရင်ကဆိုရင် ညမထွက်ရ အမိန့်ထုတ်ထားပေမယ့် မြို့တွင်းမှာ တချို့နေရာက ထွက်လို့ရတယ်။ သူတို့ တပ်တွေရှိတဲ့ နေရာတွေမှာတော့ မထွက်ရဘူးပေါ့။ အလုပ်အစောကြီးသွားရတဲ့သူတွေမှာ အခက်အခဲ ဖြစ်နေကြတာပေါ့” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အား ဆက်သွယ်ရာ ၄င်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
“ ဒီနေ့ကနေ နောက်နှစ်လအထိပေါ့။ အရင် ညမထွက်ရအမိန့်ကို ထပ်တိုးလိုက်တာပါ။ ဘာကြောင့် ထုတ်ပြန်ရတယ်ဆိုတာကိုတော့ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ စာပို့ထားပါတယ်” ဟုပြောကာ ထပ်မံဖြေဆိုခြင်းမရှိပဲ ဖုန်းချသွားခဲ့သည်။
၄င်း ညမထွက်ရအမိန့်ထုတ်ပြန်သည့်အတွက် တောင်ယာ၊ လယ်လုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်းပြုသူများ၊ နံနက်စောစော အလုပ်ခွင်ဝင်ရန်သွားရောက်ရသည့် လူများအနေဖြင့် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ