တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးဖိတ်ခေါ်ထားချိန်တွင် စစ်ကောင်စီအနေဖြင့်လည်း ရခိုင်အပါအဝင် တိုင်းရင်းသားနယ်မြေများ၌ တပ်အင်အားတိုးချဲ့ခြင်း၊ စုဆောင်းခြင်းမပြုလုပ်သင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

သျှင်မင်းဇံ
နိရဉ္စရာ၊ ဧပြီ ၂၄/၂၀၂၂
ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားစဥ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အင်အားစုဆောင်းခြင်း၊ နယ်မြေချဲ့ထွင်ခြင်းနှင့် တိုက်ခိုက်ခြင်းများပြုလုပ်ပါက အရေးယူ တုန့်ပြန်မှုများပြုလုပ်သွားမည်ဟု စစ်ကောင်စီက ဧပြီ ၂၂ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။
အလားတူ စစ်ကောင်စီအနေဖြင့်လည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားစဉ် ကာလအတွင်း ရခိုင်အပါအဝင် တိုင်းရင်းသားနယ်မြေများတွင် စစ်တပ် အင်အားဖြည့်တင်းတိုးချဲ့ခြင်း၊ စုဆောင်းခြင်းများ မပြုလုပ် သင့်ဟု ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောဆိုသည်။
" ဒီလို အခြေအနေမျိုးတစ်ခုကို ဖန်တီးမယ်ဆိုရင် အောက်ခြေမှာတော့ နှစ်ဖက် EAO တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ မြန်မာစစ်တပ်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိဖို့လိုတယ်။ အဲလိုမဟုတ်ဘဲ နေ့တိုင်း စစ်ရေးပြင်ဆင်နေပြီးတော့ တစ်ဖက်ကို ငြိမ်းချမ်းရေး ဖိတ်ခေါ်နေတာက သိပ်သဘာဝမကျဘူး။ မြန်မာစစ်တပ်ဘက်ကလည်း အခုလို ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတဲ့ အချိန်မှာ အင်အားစုဆောင်ခြင်း၊ လက်နက်ဖြည့်တင်း လှုပ်ရှားတို့တာကို ရှောင်ရှားဖို့လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။
၎င်းပြင် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်လျှင် ငြိမ်းချမ်းရေးကို ရည်မျှော်ပြီး အောက်ခြေတွင် စစ်ရေးပြင်ဆင်မှုများကို မလုပ်ဖို့ လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်
“ ဒီ၂၀၂၂ နှစ်ကို ငြိမ်းချမ်းရေးနှစ် သတ်မှတ်ပြီးတော့ EAO တွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် ချင်တယ် ဆိုရင်တော့ ဆွေးနွေးပွဲဟာ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ တွေ့ဆုံမှုဟာ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ။ ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ စစ်ကောင်စီ ဘက်က သဘောထားကြီးကြီးနဲ့ အောက်ခြေမှာ စစ်ရေးပြင်ဆင်တာတွေ စစ်ရေး တိုက်ခိုက်တာတွေမလုပ်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အထူးသဖြင့် ရခိုင်ပြည်လို့ တည်ငြိမ်နေတဲ့ အခါမျိုးမှာ စစ်ရေးပြင်ဆင်မှုတွေ၊ ရိက္ခာ စုဆောင်းမယ်။ လက်နက်စုဆောင်းမယ်။ တပ်အင်အား တိုးချဲ့မယ်ဆိုရင်တော့ စိုးရိမ်ကြောင့်ကြစရာတွေ ဖြစ်လာနိုင်ပါတယ်" ဟု ဦးဖေသန်းက သုံးသပ် ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ တပ်အင်အားနှင့် လက်နက်အင်အားများ ဖြည့်တင်းခြင်း၊ တပ်များတိုးချဲ့ချခြင်း၊စစ်တပ်တပ်ရင်းများတွင် လက်နက်ကြီးများတပ်ဆင်ခြင်း၊ ရိက္ခာများ စုဆောင်းခြင်းကို နေ့စဉ် ရက်ဆက်ဆိုသလို ပြုလုပ်နေကြောင်း မြေပြင်တွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။
ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားစဉ် အချိန်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို သတိပေးမှု ပြုလုပ်သကဲ့သို့ တစ်ခြားတစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြက့် အောက်ခြေတွင် စစ်ရေးလှုပ်ရှားမှုများကို ချင့်ချိန် စဉ်းစားလုပ်ဆောင် သင့်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကလည်း ပြောဆိုသည်။
"တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က တိုးချဲ့မှုတွေ၊ တည်ဆောက်မှုတွေကို ပြောဆိုတယ်ဆိုရင် စကစဘက်ကလည်း ဒီလိုမျိုး မလုပ်ဖို့လိုတယ်။ အခုနောက်ပိုင်း ရခိုင်ပြည်မှာ စစ်ကြောင်းတွေ သွားလာတာရှိတယ်။ ဟိုတလောကဆို လေယာဥ်တွေပါ ပျံတယ်။ ပြည်သူတွေ၊ အရပ်ဖက်တွေ ကြားထဲမှာ စစ်ကြောင်းလှည့်တာတို့ စစ်ရေးစစ်ရောင်တွေကို ပြနေတဲ့ အနေထားမျိုးတွေကို တွေ့ရတယ်ပေါ့။ ခုလို ငြိမ်းချမ်းရေးအတွက် EAO တွေနဲ့ ဝိုင်းဝန်း ဆွေးနွေး ကြမယ်ဆိုတဲ့ အနေအထားတွေပေါ်မှာ ကျနော်ထင်တာကတော့ စစ်တပ်က အောက်ခြေမှာ စစ်ရေးပြင်ဆင် နေတာတွေကို ချင့်ချိန် လုပ်ဆောင်ဖို့လိုပါတယ်။ ဒါတွေကိုလည်း အလေးအနက် ထားပြီးတော့ သုံးသပ် လုပ်ဆောင်ဖို့လိုမယ်လို့ ထင်တယ်"ဟု ဦထွန်းဝင်းက ပြောဆိုသည်။
စစ်တွေမြို့နယ်အတွင်း ကျေးရွာများနှင့် မြို့နယ်အများအပြားတွင် စစ်ရေး လှုပ်ရှားမှုများကို ယခင်ကထက် ပိုတွေ့မြင်နေရသလို စစ်တွေ - ရွှေမင်းဂံ ကားလမ်းမကြီးအတိုင်း လက်နက်ကြီးများ၊ ရိက္ခာများ ဖြည့်တင်းနေသော စစ်ကားများ သွားလာနေမှုကို နေ့စဥ်လိုလို တွေ့ရှိနေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
" အခုလည်းတင် စစ်ကား ၅ စီး ဆင်းသွားတယ်။ လက်နက်တွေ၊ ဆန်အိတ်တွေ အပြည့်ပါသွားတယ်။ အရင်လည်း ရွှေမင်းဂံဖက်ကို ဆင်းတယ်။ အများကြီးဘဲ လက်နက်တွေကို နယ်တပ်ရင်းတွေကို ပို့နေတာ။ စစ်တွေကနေ ရွှေမင်းဂံ ဆိပ်ကမ်းကို ပစ္စည်းတွေ သွားချရင် ကားတွေမှာ အပြည့်ဘဲ။ အဲဘက်ကနေ စစ်တွေတပ်ရင်တွေဘက်ကို ပြန်လာရင် ကားတွေအားလုံးက အခွံပဲ လာကြတယ်။ ဒီလို ဖြစ်နေတော့ လူထုက တိုက်ပွဲတွေ ဆက်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။
မြန်မာစစ်တပ်က မြောက်ဦးမြို့ရှိတပ်ရင်းများအပါအဝင် လင်းမြွေတောင်၊ ပန်းမြောင်း မင်္ဂလာတောင်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား (ကျိန်းတောင်) ၊ အမ်းစသည့် မြို့နယ်များရှိ တပ်စခန်းများတွင် အင်အားများ ဖြည့်တင်းနေပြီး လက်နက်ကြီးများကိုလည်း ယခင်ကထက် တိုးပြီး တပ်ဆင်ထားသည်ဟု ဒေသခံများက ပြောဆိုမှုများလည်း ရှိနေသည်။
စစ်ကောင်စီသည် ငြိမ်းချမ်းရေးဖိတ်ခေါ်ထားစဉ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အင်အား စုဆောင်းခြင်း၊ နယ်မြေချဲ့ထွင်ခြင်း အပါအဝင် တိုက်ခိုက်မှုများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးယူ တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု ဧပြီ ၂၂ ရက်နေ့စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “ တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုးလား တောင့်တချက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးပြီး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ အဆိုပါ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံ ဆွေးနွေး နေစဥ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို ထိခိုက် ပျက်စီးစေမည့် အင်အားစုဆောင်ခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်းများအား တိုက်ခိုက်ခြင်း၊ ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့ လုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သည့် အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” ဟု ပါရှိသည်။
(ဓာတ်ပုံ- များမကြာမီက အင်အားဖြည့်တင်းနေသော ရေတပ်ဇက်သင်္ဘောတစ်စီးကို ရခိုင်တွင်တွေ့ရစဉ်/မူရင်း ဓာတ်ပုံရိုက်ကူးသူအား Credit ပေးပါသည်)

ဆက်စပ် သတင်းများ