သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စည်တောင်ရွာအနီးဆင်းသက်ခဲ့သည့် အမည်မသိ ရဟတ်ယာဉ် တစ်နာရီခန့်အကြာတွင်ပျံတက်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.6k

နိရဥ္စရာ၊ စက်တင်ဘာ၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်အနီး စားကျက်မြေတစ်ခုတွင် အမည်မသိ အဖြူရောင်ကိုယ်ထည် ရဟတ်ယာဉ် တစ်စီး ဆင်းသက်နေသည်ကို ယနေ့ နံနက် ၁ဝ နာရီကျော်က တွေ့ရှိခဲ့ရပြီး ယခုအခါ ၎င်းရဟတ်ယာဉ်မှာ ပျံတက်သွားပြီဟု ရွာသားများက ပြောကြားသည်။

စည်တောင်ရွာမှ မျက်မြင်ရွာသား တစ်ဦးက “ အခု ပျံတက်သွားပါပြီ။ တစ်နာရီကျော်လောက် အကြာမှာ ပျံတက်သွားပါတယ်။ ရသေ့တောင်ဘက်သို့ ဦးတည်သွားတာကို မြင်ရပါတယ်” ဟု ပြောကြားသည်။

ရဟတ်ယာဉ်မှာ အဖြူရောင်ကိုယ်ထည် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေ တစ်ခုတွင် အချိန်အကြာကြီး ဆင်းသက်ခဲ့သည်ကို မသိရှိရကြောင်း ၎င်းက ပြောကြားသည်။

၎င်းက “ ပထမတော့ မီးတွေထိန်လင်းပြီးမြင်ရတယ်။အခု စက်ရပ်လိုက်ပြီ။ အေးဒီလေယာဉ်ကို ကျွန်တော်တို့ရွာက လှမ်းမြင်ရပါတယ်။ စစ်သားတွေလည်း မရှိဘူး။ ဘယ်သူမှ မရှိဘူး။ ဘာကြောင့် လာကျတယ်ဆိုတာလည်း မသိပါဘူး” ဟုလေယာဉ် စတင်ဆင်းသက်စဉ်က မြင်တွေ့ရပုံကို  ပြောကြားသည်။

၎င်းရဟတ်ယာဉ်ကျနေခဲ့သည့်နေရာမှာ သင်ပုန်းတန်းကုန်တန်းဟု ခေါ်ပြီး စားကျက်မြေနေရာဖြစ်ကြောင်း၊ စည်တောင်ကျေးရွာနှင့် ရေကောင်းချောင်းကျေးရွာ အကြားဖြစ်ကြောင်း၊ ၎င်းနေရာအနီး တစ်ဝှိုက်တွင် မြန်မာတပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား မကြာခဏ တိုက်ပွဲ ဖြစ်နေသော နေရာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ရေကောင်းကျေးရွာသို့ ဆက်သွယ်ရာတွင်လည်း  မျက်မြင် တစ်ဦးက ရဟတ်ယာဉ် အဖြူဖြစ်ကြောင်း၊ ၎င်းနေရာမှာ စည်တောင်ကျေးရွာ၊ ရေကောင်းချောင်းကျေးရွာနှင့် သပြေဆိပ် ကျေးရွာ အကြားတွင် ဖြစ်ကြောင်း၊ လူတစ်ဦးတက်လိုက် ဆင်းလိုက် လုပ်နေသည်ကို မြင်ခဲ့ရကြောင်း ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နံနက် ၁၁ နာရီကျော်က ဆက်သွယ်ရာ သတင်းမရရှိသေးကြောင်း၊ စုံစမ်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

(ဓာတ်ပုံ- စည်တောင်ရွာအနီးဆင်းသက်ခဲ့သည့် အမည်မသိ ရဟတ်ယာဉ်ကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ