အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် စစ်ကောင်စီတပ်က အစစ်ဆေး ပိုမိုတင်းကြပ်လာ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 981

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များတွင် လမ်းသွားလမ်းလာများကို အင်အားအလုံးအရင်းဖြင့် စစ်ဆေးမှုများ ပိုမိုတင်းတင်းကျပ်ကျပ်ပြုလုပ်နေကြောင်း မြို့ခံများက နိရဥ္စရာသို့ပြောသည်။

အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်များရှိ လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်ကစောင့်ကြပ်ပြီး လမ်းသွားလမ်းလာများ၏ဆိုင်ကယ်တူးဘောက်များကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ကျောက်ဖြူမြို့ခံလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

"လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တူးဘောက်တွေကို စစ်တယ်။ ကျွန်တော်တို့တွေ့ခဲ့တာတော့ စစ်သား ၆၀ လောက်ပါပါတယ်။ မြို့လယ်ခေါင်က နာရီစင်နားမှာစစ်ဆေးတာပါ" ဟု ပြောသည်။

အောက်တိုဘာလ ၇ ရက်၊ နေ့လယ် ၁ နာရီကျော်ခန့်က စစ်ကား ၃ စီးဖြင့် အင်အား ၆၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်က ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ နာရီစင်အနီးတွင် လမ်းသွားလမ်းလာများကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။

အလားတူ အောက်တိုဘာလ ၈ ရက်၊ နေ့လယ်ပိုင်းတွင်လည်း အရှေ့ပိုင်းရပ်ကွက်ရှိလမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများကိုစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က မြို့တွင်းမကြာခဏ လှုပ်ရှားသွားလာနေပြီး ပြည်သူများကို စစ်ဆေးမှု ပိုမိုတင်းကျပ်နေသည်မှာ ဒေသခံများကြောက်လန့်အောင် တမင်အင်အားပြခြင်းလည်းဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုကြသည်။

ကျောက်ဖြူမြို့ခံအမျိုးသားတစ်ဦးက "ကျောက်ဖြူမှာက ပြီးခဲ့တဲ့လထဲက ဆိုင်ကယ်ပျောက်တာတွေ၊ လုယက်မှုတွေလည်းဖြစ်ခဲ့တော့ သူတို့က ခိုးဆိုးလုယက်ဖမ်းဆီးနှိမ်နှင်းတဲ့စီမံချက်ပုံစံနဲ့ လုပ်တယ်လို့ပြောမှာပေါ့။ ဒါပေမယ့် အေးအေးချမ်းချမ်းနေတဲ့ပြည်သူတွေ ကြောက်လန့်အောင် တမင်အင်အားပြနေတာနဲ့တူနေပြီ" ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအဖွဲ့သည် ကျောက်ဖြူမြို့နယ်သာမက မြို့ပေါ်ရပ်ကွက်များ၊ ဘုတ်ဆိပ်များကို နေ့ရော၊ ညပါ လှည့်လည်သွားလာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

၄င်းတို့စစ်ဆေးလိုသည့် နေအိမ်များကိုလည်း ညဉ့်အချိန် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်လေ့ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ဖြူမြို့၊ ကျောက်တလုံးစစ်ဆေးရေးဂိတ်တွင်လည်း အစစ်ဆေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာပြည်သူများမှာ စစ်ဆေးရေးဂိတ်အနီးသို့ရောက်လျှင် ဆိုင်ကယ်များကိုဆင်းတွန်းနေကြရကြောင်းလည်း သိရသည်။

အဆိုပါကျောက်တလုံးစစ်ဆေးရေးဂိတ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဟန်လင်းအပြင် ဒေသခံလူငယ် ၄ ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၈ ရက်တွင်ပြန်လွှတ်ပေးခဲ့သည်။

ဆက်စပ် သတင်းများ