သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က မြောက်ဦးကိုပိတ်ဆို့ထား၊ အရပ်သား ၃၀ ထက်မနည်းဖမ်းဆီးစစ်ဆေးခံနေရ၊ ထိုအထဲတွင် ကျောင်းသား ၃ ဦးပါဝင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

နိရဉ္စရာ
ဇွန် ၂၂/၂၀၂၂
စစ်ကောင်စီတပ်က မြောက်ဦးမြို့ အဝင်အထွက်လမ်းများကို ပိတ်ဆို့ပြီး စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေရာ အနည်းဆုံးဒေသခံအရပ်သား ၃၀ ထက်မနည်းဖမ်းဆီး စစ်ဆေးခံနေရပြီး ထိုအထဲတွင် ကျောင်းသားသုံးဦး ပါဝင်သည်ဟု သတင်းထွက်ပေါ်နေကြောင်း ဒေသခံများက နိရဉ္စရာ သတင်းဌာနကို ပြောဆိုသည်။
မြောက်ဦး ဒေသခံတစ်ဦးက" မြောက်ဦးမြို့ရဲ့ ဝင်ပေါက်၊ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေသလို မြို့တွင်းမှာလည်း ဂိတ်တွေဖွင့်ပြီး စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ အခု မြောက်ဦးကို ကျော်ပြီး တစ်ခြားနေရာကို ကားလမ်းအတိုင်း သွားလို့မရတော့ဘူး။ နှစ်တန်သုံးတန် ပိတ်ပြီး ဖမ်းနေတယ်လေ။ အတိအကျက မသိရသေးဘူး။ အဖမ်းခံရတာ နှစ်ဆယ် သုံးဆယ်လောက်ဖြစ်နေပြီလို့ သိရတယ်"ဟု ပြောသည်။
အလယ်ဈီးခွဆုံ (အလယ်စျေးလမ်းဆုံ)၊ ငွေတောင်ပေါက်၊ မင်းသားကျွန်း နာရေးရုံးအနီး၊ မြင်းခုံတန်း၊ ရွှေဂူတောင်စသည့်နေရာများအပါအဝင် မြောက်ဦးမြို့နေရာတော်တော်များများတွင် စစ်ကောင်စီတပ်သားများ လက်နက်အပြည့်ဖြင့် သွားလာလှုပ်ရှားမှုများ ရှိနေသလို ဖမ်းဆီးစစ်ဆေးမှု များလည်း ရှိနေသည်ဟု သိရသည်။
မြောက်ဦးမြို့တွင် လက်ရှိ အချိန်ထိ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများရှိနေပြီး ဖမ်းဆီးခံနေရသူများထဲတွင် ကျောင်းသား ၃ ယောက်ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြောက်ဦးမှ လူမှုရေးလှုပ်ရှားသူ တစ်ဦးက ပြောသည်။
"ဖမ်းဆီးခံရတာ လူအရေအတွက် အတိအကျကိုတော့ မသိဘူး။ ဘာလို့ဆိုတော့ တစ်နေရာတည်းက ဖမ်းနေတာ မဟုတ်လို့လေ။ လက်ရှိမှာ လမ်းမှာ လူသွားတာသိပ်မရှိဘူး။ ကျောင်းသား ၃ ယောက် ဖမ်းထားတယ်လို့လည်း ကြားရတယ်။ သတင်းအမှန်လား။ အမှားလား သိရဖို့လည်း ခက်ခဲတယ်လေ။ ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ဖမ်းဆီးစစ်ဆေးနေတာကတော့ သေချာပါတယ်"ဟု ပြောသည်။
လက်ရှိ မြောက်ဦးမြို့အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေပြီး လုံခြုံရေး တင်းကျပ်ထားသဖြင့် အပြင်ထွက်ရန် ခက်ခဲနေပြီး မဖြစ်မနေ အပြင် ထွက်ရသည့် သူများကိုလည်း စစ်ကောင်စီတပ်သားများက စစ်ဆေး ဖမ်းဆီးမှုများရှိနေသည်ဟု မြို့ခံအများအပြားက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။
မြောက်ဦးတွင် စရဖအဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ ညနေက ဖမ်းဆီးသွားကြောင်းသတင်းထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ ဖမ်းဆီးခံရသူ အရပ်သားအရေအတွက် အတိအကျကို နိရဉ္စရာက အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။(NN-7)

ဆက်စပ် သတင်းများ