တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေ အောင်တိုင်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် ရာအိမ်မှူးအပါအဝင် ရွာသား ၁ဝ ကျော် အဆက်အသွယ်မရ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၂ဝ/ ၂ဝ၂၄

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ ရာအိမ်မှူးအပါအဝင် ရွာသား ၁ဝ ကျော်အား ရက်ပေါင်း (၁၀) ကျော်ကြာလာပြီဖြစ်သော်လည်း မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

မိသားစု ဝင်တစ်ဦးက “ စစ်ကောင်စီက ဖမ်းဆီးသွားတာ ရက်ပေါင်း ၁ဝ ကျော်ကြာပြီ။ ဇွန်လ ၇ ရက် ညအချိန်မှာ ဝင်ဖမ်းသွားတာ။ အခုအချိန်ထိ  အထိ မိသားစုနှင့် အဆက်အသွယ်မရသေးပါဘူး” ဟု ပြောသည်။  

ဖမ်းဆီးခံရသူများမှာ ရာအိမ်မှူးဖြစ်သူ ဦးအောင်သန်းဝင်း(ခ)ကိုညီညီ (၄၁) နှစ်၊ ကိုကျော်သန်း(၂၅)နှစ်၊ ဦးထွန်းဦးစိန်(၄ဝ)နှစ်၊ ဦးမောင်သိန်း(၄ဝ)နှစ်၊ ဦးသန်းဇော်ဦး(၃ဝ)နှစ်၊ ဦးလှဝင်း၊ မောင်ထွန်းလင်း၊ ကိုငြိမ်းငြိမ်းလင်း၊ ကိုမိုးဒီနှင့် ကိုမောင်ပြားတို့ ဖြစ်ကြသည်။

၎င်းတို့ကို လွန်ခဲ့သည့် ဇွန်လ ၇ ရက်၊ ၈ ရက်နေ့ ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အောင်တိုင်ရွာသားများက နိရဉ္စရာအားပြောသည်။

ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက “ ကျွန်တော့မှာ သားရော၊ သမက်ရောပါသွားတာပါ။ ညအိပ်နေတဲ့ အချိန်လာဖမ်းတာပါ။ ပထမ ဇွန် ၇ ရက်ကတည်းက ဖမ်းသွားတာပါ။ အခုထိ အဆက်အသွယ်မရသေးလို့ စိုးရိမ်နေကြပါတယ်။ ကျွန်တော့သားကို သိပ်တွေ့ချင်ပါတယ်။ အသက်အန္တရာယ်ရှိနေမှာ စိုးရိမ်တယ်။ အဆက်အသွယ်ရချင်ပါတယ်” ဟု ပြောသည်။

 အောင်တိုင်ကျေးရွာအပါအဝင် စစ်တွေမြို့နယ်မှ ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီက ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း စစ်တွေမြို့တွင်းသို့အတင်းအဓမ္မပြောင်းရွှေ့ခိုင်းခဲ့သည်။

နောက်ထပ် အောင်တိုင်ကျေးရွာသားတစ်ဦးက “ နောက်ထပ် ဖမ်းဆီးခံထားရတဲ့လူတွေရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်နေကြပါတယ်။ အဲဒီညတွေက ဆက်တိုက်ဆိုသလို အိမ်တွေကို ဝင်စစ်ပြီး လူငယ်၊ လူလတ်ပိုင်းတွေကို နာမည်တွေဝင်မေးပြီး ဖမ်းတာပါ။ ညဆိုတော့ ဘယ်သူတွေပါသွားလည်း မသိတော့ အဖမ်းခံရတဲ့ လူတွေနာမည်တွေ အကုန်မရသေးဘူး။ ကျွန်တော်တို့လည်း မိုးလင်းတာနဲ့ ပြောင်းလာခဲ့ကြတာဆိုတော့” ဟုပြောသည်။

 အဆိုပါ အောင်တိုင်ကျေးရွာသားများကို ဝင်ရောက်ဖမ်းဆီးပြီးနောက်ပိုင်း ၁ဝရက်ကျော် ကြာလာသည့်တိုင်အောင် မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို ယနေ့ ဇွန်လ ၂ဝ ရက်နေ့အထိ မိသားစုဝင်များမှာ မသိရှိရသေးခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအပြင် ဇွန်လ ၁ဝ ရက်နေ့ကလည်း စစ်ကောင်စီက  အောင်တိုင်ကျေးရွာသား  အသက် (၅ဝ) အရွယ်ဦးအောင်သန်းကို လည်ပင်းကို ကြိုးကွင်းချည်၍ ဆွဲခေါ်သွားခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်ဟု ကျေးရွာသားများက ပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော်အပေါ် စစ်ရေးအရ ရှုံးနှိမ့်လာပြီးနောက်ပိုင်း ရခိုင် အရပ်သားများကို လူမျိုးရေးအမြင်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာနေပြီး ဒေသခံများအပေါ် အကြောက်တရား ရအောင် ဖန်တီးနေကြောင်း ရခိုင်အရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ