တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အမ်းမြို့နယ်မှ ကျေးရွာ ၃ရွာကို စစ်ကောင်စီက ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်၍ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် မိသားစု ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ပြိုပျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

သဉ္ဇာနွယ်၊နိရဉ္စရာ၊ဇွန် ၂၀/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်မှ  ကျေးရွာ ၃ ရွာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်၍  အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစု ၃ ဦးသေဆုံးပြီး တခြား  ၂ ဦးဒဏ်ရာရ ရရှိသွားခဲ့ကာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းနှင့် နေအိမ် ၃ လုံး ပြိုပျက်သွားခဲ့သည်ဟု  သတင်းရရှိသည်။

သေဆုံးသွားသူ မိသားစုများမှာ အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာမှ မောင်နေမိုးထက် (၄)နှစ်၊ မမေဇင်အေး (၁၇)နှစ်နှင့် ကိုသန်းဝင်းနိုင်( ၂၅)နှစ်တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ ဦးမောင်ပု (၄၅)နှစ်နှင့် ဒေါ်မယဉ်အေး (၆၈)နှစ် ဖြစ်ကြသည်။

ဆင်ဦးတိုက်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းလုံးမှာလည်း လုံး၀ ပြိုပျက်သွားခဲ့သလို ကဇုကိုင်းမှ နေအိမ် ၃ လုံးလည်း ပြိုပျက်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။

အမ်းဒေသခံတစ်ဦးက " သဲကမ်းထောင်းရွာကို တမင်လာပစ်တာ။ ရော့ကဒ်ဒုံးနဲ့ လာပစ်တာမှာ အိမ်တစ်အိမ်ထဲမှာနေကြတဲ့ မိသားစုတွေအထဲက  ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး သေသွားပါတယ်။  နောက်ထပ် သက်ကြီးပိုင်း မိသားစု နှစ်ယောက် လည်း ဒဏ်ရာရသွားတယ်" ဟုပြောသည်။

သဲကမ်းထောင်းကျေးရွာကို ဇွန်လ ၂၀ရက်နေ့ နံနက် (၁၁)နာရီခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာမှ ရော့ကဒ်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့၍  နေအိမ်အတွင်းက မိသားစုဝင်များ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

၎င်းအပြင် တချိန်တည်းတွင် ဆင်ဦးတိုက်ကျေးရွာနှင့် ကဇုကိုင်းကျေးရွာဖက်ကိုလည်း  ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ ဆင်ဦးတိုက်ကျေးရွာမှ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းလုံး ပြိုပျက်သွားပြီး ကဇုကိုင်းကျေးရွာတွင်လည်း နေအိမ် (၃)ဆောင်ပြိုပျက်သွားသည်ဟု ဒေသခံ တစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ဂျက်ဖိုက်တာ က ပထမသဲကမ်း‌ထောင်းရွာကို လာပစ်တယ်။ ပြီးတော့ ဆင်ဦးတိုက်က ဘုန်းကြီးကျောင်းကို ဗုံးချတယ်။ ကျောင်းပြိုသွားတယ်။  ပြီးတော့မှ ကဇုကိုင်းကိုပစ်တယ်။ အိမ်သုံးဆောင် ပြိုသွားတယ်" ဟုပြောသည်။

အမ်းမြို့နယ် ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် လူနေကျေးရွာများကို တမင်လာပစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။  

ဆက်စပ် သတင်းများ